ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိတန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါပွဲတော်တွင် ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ အလှညမီးကြီးနှင့် စိန်နား ပန်မီးပုံပျံကြီးများ လွှတ်တင်ခြင်း၊ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်အတွင်း၌LEDမီးများဖြင့် အလှဆင်ပူဇော် ထားရှိခြင်း၊ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ဇာတ်မင်းသား ဖိုးချစ်နှင့်အဖွဲ့မှ ဇာတ်သဘင်ဖြင့်ကပြဖျော်ဖြေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းချိုသာစွာ ဖြင့်ဖွင့်လှစ်ရောင်းချခြင်းစသည့် အစီအစဉ်ကောင်းများဖြင့် ကျင်းပပေးလျက်ရှိရာ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ယူလာရောက်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများနှင့် ပွဲတော်ကဏ္ဍအလိုက် ပါဝင်ဖျော်ဖြေဆင်နွှဲကြသူများ၏ ဝမ်းသာပီတိစကားသံများကို မေးမြန်းရေးသားဝေမျှလိုက်ရပါသည်။
ဒေါက်တာသန်းနိုင်စိုး (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ နေပြည်တော်)
ကျွန်တော်တို့အနေနဲ့ ပွဲတော်ကြီးမှာ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု မီးပုံးပျံ လွှတ်တင်ပူဇော်ဖို့အတွက် မီးပုံးပျံဒီဇိုင်း စတင်ပြုလုပ်ပါတယ်။ နောက်ပြီး တောင်ကြီးက မီးပုံးပျံပညာရှင်တွေနဲ့ ပူးပေါင်းပြီး မီးပုံးပျံ တစ်ခုဖြစ်ပေါ်လာဖို့ ပူးပေါင်းဆောင် ရွက်ပါတယ်။ ဒီနေ့မှာတော့ ဝန်ကြီးဌာနကိုယ်စားပြု စိန်နားပန် မီးပုံးပျံကြီးတစ်ခု လွှတ်တင်ပူဇော် သွားမှာဖြစ်ပါတယ်။ မီးပုံးပျံနာမည်ကိုတော့ အာရောဂျံပရမံလာဘံဆိုပြီး အမည်ပေးထားပါတယ်။ မနှစ်ကလည်း ဝန်ကြီးဌာနကိုယ်စားပြုအနေနဲ့ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပူဇော်ပွဲမှာ ပထမဦးဆုံးလွှတ်တင်ပူဇော်ခွင့် ရရှိခဲ့ပါတယ်။ မာရဝိဇယဘုရားကြီးဆိုတာ ကျွန်တော်တို့ နိုင်ငံတင်သာမက ကမ္ဘာပေါ်မှာပါ အကြီးမားဆုံး စကျင်ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ ဘုရားကြီးတည်ထားပူဇော်ရတဲ့ ရည်ရွယ်ချက်ကလည်း တစ်ကမ္ဘာလုံး ငြိမ်းချမ်းစေဖို့အတွက် ပူဇော်ထားတာဖြစ်ပါတယ်။ အခုလို ထူးမြတ်တဲ့နေရာမှာ မီးပုံးပျံ ကပ်လှူပူဇော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာကြည်နူးမိပြီး ဂုဏ်ယူမိပါတယ်။ 
ကိုစောဉီး (ဘုရားဖူးပြည်သူ၊ဇေယျာသီရိမြို့နယ်)
ကျွန်တော် ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မာရဝိဇယဘုရားကြီးကို ဖူးမြှော်တာ စိတ်ထဲမှာ အေးချမ်းပြီး ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ ကျောက်စာရုံတွေဘက်လည်း ကြည့်ရှူလေ့လာခဲ့ပါတယ်။ အခုတော့ မီးပုံပျံလွှတ်တင်မှာကို စောင့်နေတာဖြစ်ပါတယ်။ ရင်ပြင်တော်မှာ ရှမ်းရိုးရာအကအလှတွေ ရှမ်းအိုးစည်သံတွေအပြင် ဆင်အက၊ အိုးစည်သံတွေနဲ့ အလွန်ကြည်နူးဖို့ ကောင်းပါတယ်။ ဘုရားကြီးမှာ ဒုတိယအကြိမ် မီးပုံးပျံ လွှတ်တင်ပူဇော်တာဆိုပေမယ့် အရင်နှစ်က ခရီးလွန်နေလို့ ရုပ်မြင်သံကြားပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ အခုအပြင်မှာ မြင်တွေ့ရမှာဆိုတော့ ကြည်နူးရင်ခုန်မိပါတယ်။ အရင်တုန်းကတော့ ရှမ်းပြည်နယ် တောင်ကြီးကို တကူးတက သွားခဲ့ကြရတာဖြစ်ပါတယ်။ အခုတော့ နေပြည်တော်မှာပဲ ရှမ်းရိုးရာအငွေ့အသက်တွေနဲ့ ကြည့်ရတာဆိုတော့ ရှမ်းပြည်နယ် ရောက်သွားသလိုပါပဲ။ ပြီးရင်တော့ ပွဲဈေးတန်းလျှောက်ကြည့်မှာ ဖြစ်ပါတယ်။ အရောင်းပြခန်းတွေလည်း ရှိတယ်ဆိုတော့ နှစ်သက်တာတွေ့ရင် ဝယ်ယူဖို့ စိတ်ကူးထားပါတယ်။ မကြည့်ရတာ ကြာပြီဖြစ်တဲ့ ဇာတ်ကပွဲလည်း ကြည့်သွားမှာ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ကစပြီး မြန်မာနိုင်ငံနဲ့တကွ ပြည်သူပြည်သားအားလုံး အေးချမ်းသာယာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ 
ဉီးစိုင်းဝင်းဟန် (ရှမ်းတိုင်းရင်းသားရိုးရာအက၊ ဖျော်ဖြေရေးအဖွဲ့)
ကျွန်တော်က ရှမ်းရိုးရာအကနဲ့ ဖျော်ဖြေဖို့အတွက် တောင်ကြီးကနေ လာရောက်တာ ဖြစ်ပါတယ်။ နေပြည်တော်မှာ မီးပုံးပျံလွှတ်တင်ပူဇော်တာကို ပထမဆုံး ရောက်ဖူးတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှမ်းရိုးရာအက၊ ကိန္နရီအက၊ တိုးနယားအက၊ ရှမ်းအိုးစည်တို့နဲ့ လာရောက်ဖျော်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ နေပြည်တော် မာရဝိဇယဘုရားကြီးမှာ ရှမ်းတိုင်းရင်းသားတို့ရဲ့ အကအလှချပြခွင့်လည်း ရတဲ့အပြင် အခြားအကအလှတွေကို တွေ့မြင်ရတဲ့အတွက် ဗဟုသုတတွေလည်း ရရှိပါတယ်။ 
ဒေါ်ကေသီမြင့် (ဘုရားဖူးပြည်သူ၊ နေပြည်တော်) 
ကျွန်မအနေနဲ့ ဘုရားကြီးရဲ့ တန်ဆောင်တိုင်ပွဲတော်ကို ဒီနေ့မှ လာရောက် ဆင်နွှဲခြင်းဖြစ်ပါတယ်။ အရင်ရက်တွေကတော့ ရုပ်မြင်သံကြားကပဲ ပူဇော်ခွင့်ရရှိခဲ့ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက် ဆင်နွှဲရတဲ့အတွက် ရင်ထဲမှာ ဝမ်းသာမိပါတယ်။ ဒီလို တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုတာ တောင်ကြီးမြို့ကို တစ်ကူးတက သွားရောက်မှာသာ မြင်တွေ့ခွင့်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အခုဆို နိုင်ငံတော်အကြီးအကဲတွေက စေတနာ၊ မေတ္တာရှေ့ထားပြီး ထူးမြတ်လှတဲ့ မာရဝိဇယဘုရားကြီးမှာ ကြီးကျယ်ခမ်းနာစွာနဲ့ ကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နောက်နှစ်တွေကိုလည်း ဒီလိုပဲ ကျင်းပပေးဖို့ မျှော်လင့်မိပါတယ်။ 
မောင်နိုင်းနိုင်း (ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့)
ကျွန်တော်ကတော့ အမှတ်-၁၁ အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုလို တန်ဆောင်တိုင်ပွဲတော်မှာ ကျွန်တော့်အနေနဲ့ ပညာရေးဝန်ကြီးဌာနကိုယ်စားပြု ဖျော်ဖြေရေးယိမ်းအဖွဲ့အနေနဲ့ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။ ဒီလိုစည်ကားလှတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ကျွန်တော့ဘဝမှာ တစ်ခါမှ မမြင်ဘူးခဲ့ပါဘူး။ အခုလို ကြီးကျယ်ခမ်းနားလှပြီး စည်ကားလှတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ဆုံတွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ပွဲတော်ကြီးမှာလည်း မီးရှူးမီးပန်း ပစ်ဖောက်ပူဇော်မှုတွေ၊ မီးပုံးပျံလွှတ်တင် ပူဇော်မှုတွေကို မြင်တွေ့ရတဲ့အတွက်လည်း အံ့ဩဝမ်းသာမိပါတယ်။ 
မောင်ကောင်းခန့်ဇော် (ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့)
ကျွန်တော်ကတော့ တန်ဆောင်တိုင်ပွဲတော်ကြီးမှာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကနေပြီး ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုဖျော်ဖြေရေးအနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ အရင်နှစ်တွေကတော့ ဒီလိုဖျော်ဖြေရေး အနေနဲ့ မပါဝင်ဘူးပါဘူး။ ကျွန်တာ့်အတွက်ကတော့ ပထမဆုံးဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မြင်တွေ့ဖူးပါတယ်။ အခုလို နေပြည်တော်မှာ စည်စည်ကားကားနဲ့ ကျင်းပပေးတဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ တန်ဆောင်တိုင် ညရဲ့အလှကို အပြည့် အဝခံစားခွင့်ရခဲ့တယ်လို့ ခံစားမိပါတယ်။ 
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကြီးထိန်