နေပြည်တော်   နိုဝင်ဘာ   ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မကွေးတိုင်းဒေသကြီး လမ်ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ကြိုင်၏ ဝါကြိတ်စက်သို့သွားရောက်၍ မင်းဘူး၊ မင်းလှမြို့နယ်တို့မှ ဝါ၊ နေကြာစိုက် သမဝါယမအသင်းသား တောင်သူများ၊ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ လုပ်ငန်းလိုအပ်ချက်များဖြစ်သော ဝါမျိုးကောင်း မျိုးသန့်များ အချိန်မီရရှိရေး၊ စိုက်ဧကတိုင်းအတွက် လုံလောက်စွာရရှိရေး၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဝါကြိတ်ဝါဖိစက်များ၊ ဆီကြိတ်စက်များဖြင့် ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာသို့ သွားရောက်ပြီး ဆင်ခေါင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးထွန်းငြိမ်း၏ လယ်မြေ (၁၀) ဧကတွင် ရုရှားရွက်ဖျန်းမြေဩဇာကို မျိုးစေ့စိမ်သည့် အဆင့်မှစ၍ အသုံးပြုစိုက်ပျိုးထားသော ၂၁ ရက်သား (၈) ဧကစိုက်ခင်း နှင့် ၁၅ ရက်သား ၂ ဧက စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဓမ္မာရုံတွင် နေကြာနှင့် ဝါစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

 

mdn

 

ယင်းနောက် အသင်းသားတောင်သူများထံ ရေဆင်းနေကြာစပ်မျိုးများ ပေးအပ်ပြီး တောင်သူ ဒေါ်သန်းသန်းဌေး၏ ယာမြေမှ လယ်မြေသို့ ကူးပြောင်းထားသော ကိုင်းတောလေး အရှေ့ကွင်း၊ ကွင်းအမှတ် ၁၂၈၄ တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ တောင်သူ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် စက်ရေတွင်း ၄ တွင်း တူးဖော်၍ ဆိုလာရေတင်စနစ် အသုံးပြုစိုက်ပျိုး ထားသော ဧရာပဒေသာစပါးမျိုး ၁၂၀ ရက်သား (၁၀) ဧကကို လိုက်လံကြည့်ရှု အားပေးသည်။

ထိုမှတဆင့် မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ် လမ်းအရှည် (၁) မိုင် ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပေးပြီးဖြစ်၍ ကျေးရွာရှိ မြေဧက (၁၃၀) တွင် နှမ်း၊ မြေပဲများ အောင်မြင်စွာ စိုက်ပျိုးကြရေး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်ပေးရေးမှာကြားသည်။

ဆက်လက်၍ မြို့သစ်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေပင်ရိုး - ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း အရှည် (၃) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်