နေပြည်တော်၊ နိုဝင်ဘာ ၁၇    

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တန်ဆောင်တိုင်လပြည့်‌နေ့၌  ဘုရားဖူးခရီးသွား ပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။

“တန်ဆောင်တိုင်ပွဲတော်ကာလမှာ လပြည့်နေ့ဟာ ဘုရားဖူးခရီးသွားတွေနဲ့ အထူး စည်ကားခဲ့ပါတယ်။ ပုဂံကို ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားတွေလည်း အခုလကစပြီး အုပ်စုလိုက် စဝင်နေပါပြီ။ ပုဂံယဉ်ကျေးမှုဒေသဟာ အေးချမ်းသာယာပါတယ်။ ဒေသခံတွေကလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကို အမြဲတမ်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်နေပါတယ်”ဟု ထီးလိုမင်းလိုဘုရားမှ အတွင်းရေးမှုး ဦးတင်လှဦးက ပြောသည်။

 ပုဂံဒေသ၏ ခရီးသွားဝန်ဆောင်မှုကဏ္ဍသည် ပုဂံဒေသခံ ပြည်သူများ၏ လူမှုစီးပွားနှင့် အလုပ်အကိုင် အခွင့်အလမ်းကို များစွာအထောက်အကူပြုလျက်ရှိသည်။ 

“ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ကာလမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရှိတယ်။ ပြီးတော့ နေပြည်တော်၊ ပဲခူးစသည်ဖြင့် နေရာဒေသတော်တော်များများမှာ ပွဲတော်တွေ စည်စည်ကားကား ကျင်းပခဲ့တဲ့အတွက် ပုဂံကိုလာတဲ့ခရီးသည်က ပျံ့ဝင်တဲ့သဘောတော့ရှိတယ်။ ဒါပေမယ့် တန်ဆောင်တိုင်လပြည့်နေ့မှာတော့ စည်ကားခဲ့တယ်။ ဒေသခံတွေ အရောင်းအဝယ်တွေ အဆင်ပြေကြတယ်။ ကျွန်တော်တို့လို လက်ပန်းချီဆွဲတဲ့ ဆိုင်တွေအားလုံး ခရီးသွားတွေ အပြည့်ရတယ်။ ပြီးတော့ ပြည်ပခရီးသွားတွေ ဝင်ရောက်လည်ပတ်တာ မြင်ရတော့ ပိုပြီး ဝမ်းသာရပါတယ်။ ခရီးသွားဝန်ဆောင်မှုနဲ့ ရပ်တည်နေရတဲ့ ဒေသဖြစ်တဲ့အတွက် ခရီးသည်တွေ လာရင် ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု လက်ပန်းချီ ရေးဆွဲသူ ကိုဇေယျာသန်းက ပြောသည်။

ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသွားများသည် အမှတ်တရ ပစ္စည်း ဝယ်ယူခြင်းအပြင် လက်ပန်းချီဆွဲခြင်း၊ မြင်းလှည်းစီးခြင်းတို့ကို အများဆုံး ပြုလုပ်လေ့ရှိပြီး လူငယ်များက ပို၍ လက်ပန်းချီရေးဆွဲလေ့ရှိကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုဒေသတွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော်ကာလသည် ခရီးသွား ဝင်ရောက်မှုများသော အချိန်ကာလဖြစ်ပြီး လာမည့်နတ်တော်လတွင် ကျင်းပသည့် အလိုတော်ပြည့် ဘုရားပွဲတော်ကာလနှင့် ပြာသိုလတွင် ကျင်းပသည့် အာနန္ဒာဘုရား ပွဲတော် ကာလတို့သည်လည်း ရပ်နီးရပ်ဝေး ခရီးသွားများဖြင့် အထူးစည်ကားလေ့ရှိကြောင်း သိရသည်။ 

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး