ဘေရွတ် နိုဝင်ဘာ ၁၇

 

လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နိုဝင်ဘာ ၁၆ ရက်က အစ္စရေးတို့  လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားသတင်းအေဂျင်စီ က ပြောသည်။

 

လက်ဘနွန်အရှေ့ပိုင်း ခရိုက်ဘာကျေးရွာရှိ နေအိမ်တစ်လုံးကို အစ္စရေးတို့ တိုက်ခိုက်ခဲ့ရာ မိသားစုတစ်စုတည်းမှ ခြောက်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသား သတင်းအေဂျင်စီတွင် ဖော်ပြသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် နာဘာတစ်ရပ်ကွက်မှ အလုပ်သမားငါးဦး သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

 

နိုဝင်ဘာ ၁၆ ရက်က အစ္စရေးတို့သည် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့ရွာများ၌ စစ်လေယာဉ်များ၊ ဒရုန်းများဖြင့် စီးနင်းတိုက်ခိုက်မှုပေါင်း ၉၀ ကျော် ပြုလုပ်ခဲ့သည်ဟု စစ်ဘက် သတင်းအရင်းအမြစ်တစ်ခုကပြောသည်။ လက်ဘနွန်နိုင်ငံတောင်ပိုင်း ချာမာကျေးရွာ၌ ပဲ့ထိန်း ဒုံးကျည်ဖြင့် အစ္စရေးတင့်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က နိုဝင်ဘာ ၁၆ ရက်က ကြေညာခဲ့သည်။

 

စက်တင်ဘာ ၂၃ ရက်မှ စတင်၍ အစ္စရေး တပ်မတော်သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာများကို ပစ်မှတ်ထားကာ ပြင်းထန်သည့်လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်ဘနွန် ကျန်းမာရေးဌာန၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တိုက်ပွဲများ ဖြစ်ပွားချိန်မှ စ၍ လက်ဘနွန်၌ အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၄၅၂ ဦး ရှိပြီး ဒဏ်ရာ ရရှိသူ ၁၄၆၆၄ ဦးအထိရှိလာသည်ဟု သိရသည်။

 

ဆင်ဟွာ