မြင့်စိုး(နတလ)
ကောလိပ်များကို ချစ်ရသည့်အကြောင်းရင်း
ခေါင်းစဉ်မှာကိုက ကျွန်တော်ချစ်သောဆိုသည့် ဝေါဟာရနှင့် အစပျိုးလိုက်မိပြီးသကာလ ချစ်ရသော အကြောင်းရင်းကို ထင်းလင်းစွာရှင်းပြရန် အလိုလိုတာဝန်ရှိလာချေပြီတမုံ့။ သမဝါယမကောလိပ် (မန္တလေး)၊ သမဝါယမကောလိပ် (ဖောင်ကြီး)ကို ရောက်ဖူးသူများ၊ ထိုကောလိပ်များ၌ တာဝန် ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ပုဏ္ဍရိက်တန်း၊ ပျားအုံလမ်းနှင့် ရန်ကင်းတောင်ခြေမှာနားခိုရင်း ပညာရင်နို့သောက် စို့ခဲ့ကြဖူးသော ကျောင်းသား ကျောင်းသူဟောင်း များအနေဖြင့်မူ ကျွန်တော်ချစ်ရသည့် အကြောင်းရင်းကို ကြိုတင်သိနှင့်ပြီး ဖြစ်ပါလိမ့်မည်။ သမဝါယမကောလိပ်များ၏ ထူးခြားသောပရိဝုဏ်ကို ကျွန်တော်ချစ်သည်။ ထိုကောလိပ်များ၏ ဖြစ်တည်လာမှုသမိုင်းကြောင်းနှင့် အစဉ်အလာကောင်းများကို ကျွန်တော်ချစ်သည်။ ထိုကောလိပ်များ ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်နှင့် တည်ထောင်ခဲ့သူများ၊ ဆရာကြီး ဆရာမကြီးများ၏ ထက်သန်မွန်မြတ်သော စိတ်ရင်းစေတနာကို ကျွန်တော်ချစ်သည်။ ဤသည်တို့ကား သမဝါယမကောလိပ်များအပေါ် ကျွန်တော်ချစ်ရသော အကြောင်းရင်းများစွာထဲက အချို့အဝက်မျှသာတည်း။
ရန်ကင်းတောင်ခြေက သမဝါယမကောလိပ်(မန္တလေး)သို့ အဝင်
ဤကောလိပ်ဝင်းအတွင်းသို့ ကျွန်တော်သုံးခေါက်ရောက်ဖူးခဲ့ပါပြီ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေတွင် တည်ရှိပြီး မန္တလေးမြို့မှ ခုနစ်မိုင်၊ ပုသိမ်ကြီးနှင့် နှစ်မိုင်ကွာဝေး၏။ ရန်ကင်းတောင်၏ အရိပ် အာဝါသကိုမှီခိုနေပြီး ဥယျာဉ်ပရိယတ္တိစာသင် တိုက်ကြီးနှင့်လည်း နီးနီးကပ်ကပ် တည်ရှိနေသောကြောင့် သမဝါယမကောလိပ် (မန္တလေး) အနေဖြင့် အေးချမ်းမှုအရိပ်စစ်ကို ပိုင်ဆိုင်ခွင့်ရနေသည်ဟု ဆိုရသော် မမှားတန်ရာ။ ဥယျာဉ်ကျောင်းပိုင်မြေကို ကောလိပ်အဝင်လမ်းအဖြစ် အသုံးပြုခွင့်ရခဲ့သလို မိမိတို့ဘက်ကလည်း တိုင်းသမဝါယမသင်တန်း ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ဥယျာဉ်ကျောင်းကို လျှပ်စစ်မီး ပေးလှူခဲ့ကြောင်းသိရသည်။ ကတညုတ ကတဝေဒီ ဆိုသည့် ဘုရားဟောနှင့်အညီ ကောလိပ်ကျောင်း၏ စုပေါင်းအလှူအဖြစ် ဥယျာဉ် ပရိယတ္တိစာသင်တိုက်အတွင်း၌ ‘သမဝါယမသုခ’အမည်ရ တစ်ပါးနေ ကျောင်းဆောင်လေးကို ဆောက်လုပ်လှူဒါန်းထားသကဲ့သို့ ဥယျာဉ်ပရိယတ္တိစာသင်တိုက်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်တို့၏ အဓိပတိ၊ ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိက ကလည်း ငြိမ်းချမ်းစွာနေထိုင်နည်း ဝိပဿနာတရားတော်မြတ်ကို အပတ်စဉ် ချီးမြှင့်ဟောကြားတော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်၏ တရားများကို မနာခဲ့ဖူးသော်ငြားလည်း သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးထံမှတစ်ဆင့် ပြန်လည်ကြားနာခွင့်ရလိုက်သည့် တရားတစ်ပိုဒ်ကမူ နှစ်ပေါင်းများစွာ ကျွန်တော်ခံယူကျင့်သုံးနေသော ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် အရာတစ်ခုကို ပြောင်းလဲသွားစေခဲ့ပါသည်။ အခြားမဟုတ်ပါ၊ ချစ်ခြင်း မုန်းခြင်းကင်းအောင် နေထိုင်နိုင်ခြင်းကို ဥပေက္ခာတရားဟု ကျွန်တော်က ယူဆထားခဲ့မိ၏။
ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိကသည် သမဝါယမကောလိပ်(မန္တလေး) ဓမ္မာရုံသို့ တနင်္လာနေ့တိုင်း ကြွရောက်ကာ ဝိပဿနာတရားတော်မြတ်များကို နှစ်ပေါင်းများစွာ ဟောကြားလာခဲ့ခြင်းဖြစ်သည်။ ဆရာတော်၏ တရားများထဲမှ ငြိမ်းချမ်းဖို့အတွက် အများနဲ့နေရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့နေ၊ တစ်ယောက်တည်းနေရင် ဝိပဿနာနဲ့နေ၊ ငါ့ကို အကြောင်းပြုပြီး ဆင်းရဲခြင်း မဖြစ်ပါစေနဲ့၊ ချမ်းသာပါစေဆိုတဲ့စိတ်က မေတ္တာ၊ သူတစ်ပါးမှာရှိတဲ့ အားနည်းချက်ကို ဖြည့်ဆည်းလိုစိတ်၊ ဆင်းရဲကို ဖယ်ရှားပေးလိုစိတ်က ကရုဏာ၊ ကိုယ့်ထက်သာ တာကို မနာလိုစိတ်မရှိဘဲ ဝမ်းသာနိုင်တဲ့စိတ်က မုဒိတာ၊ သူတစ်ပါး၏ ကောင်း၊ ဆိုး အပြုအမူပေါ်မှာ မတွယ်တာဘဲ လျစ်လျူရှုနိုင်တာ ဥပေက္ခာ၊ ကိုယ့် အပေါ်မှာ ကောင်းတဲ့အပြုအမူကို အမှတ်ထားရင် တဏှာသံယောဇဉ်ဖြစ်တတ်ပြီး မကောင်းတဲ့ အပြုအမူကို အမှတ်ထားရင် ဒေါသဖြစ်တတ်တယ်ဆိုသည့် တရားက ကျွန်တော့်စိတ်ကို ပြုပြင်ပေးသွားခဲ့သည်။ ချစ်ခြင်း မုန်းခြင်းကင်းရုံနှင့်မရ၊ ကောင်းခြင်းရော မကောင်းခြင်းပါ တွယ်တာမှုမရှိ၊ ယတိပြတ် စွန့်ပယ်နိုင်မှ ဥပေက္ခာတရားအစစ် ဖြစ်ပေလိမ့်မည်တကား။
သမဝါယမကောလိပ်(ဖောင်ကြီး) ဆိုသည်မှာ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းအုပ်စု မင်းကုန်းကျေးရွာအနီး လှည်းကူး မြို့၏ မြောက်ဘက် မိုင် ၂၀ အကွာ၊ ရန်ကုန်မြို့မှလာလျှင် အမြန်လမ်းမကြီး မပေါ်ပေါက်မီက မိုင် ၅၀ အကွာ၊ ယခုအမြန်လမ်းအတိုင်း မိုင် ၂၀ စွန်းစွန်း က ချိုးဝင်နိုင်သောနေရာမှာ အေးချမ်းစွာ၊ ငြိမ်းချမ်း စွာ၊ စိမ်းလန်းစွာ တည်ရှိနေပါသည်။ ဤနေရာမှာ သမဝါယမကောလိပ်(ဖောင်ကြီး) ဖြစ်လာစေရန် အတွက် မူလဘူတဖြစ်သော “ဗဟိုသမဝါယမ သင်တန်းကျောင်း” နေရာအဖြစ် သမဝါယမဝန်ကြီး ဌာနဝန်ကြီး ဦးစိန်ထွန်းကိုယ်တိုင် ၁၉၈၂ ခုနှစ် နှစ်ဦးပိုင်းမှာ သွားရောက်ကြည့်ရှုလေ့လာ၍ ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုသမဝါယမ သင်တန်းကျောင်း ဆောက်လုပ်ပြီးပါက တစ်နိုင်ငံလုံးရှိ သမဝါယမအသင်းအမှုဆောင်များ၊ ဝန်ထမ်းများအားလုံးကို အရည်အသွေး မြှင့်တင်ပေးရန်အပြင် သမဝါယမလယ်ယာအသင်းများ၊ ကုန်ထုတ်အသင်းများအား သင်တန်းပေးရာ၌ လက်တွေ့ပြသနိုင်မည့် စံပြလယ်ယာစိုက်ခင်းကြီးများ၊ မွေးမြူရေးခြံကြီးများ၊ ကြိမ်၊ ဝါးထုတ်လုပ် ရေးလုပ်ငန်းများ၊ အုတ်ဖုတ်လုပ်ငန်းများပါ ထားရှိနိုင်ရေးအတွက် မြေဧကကျယ်ကျယ်ဝန်းဝန်းရရှိရေး နိုင်ငံတော်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ သစ်ကြီးဝါးကြီးများ ပေါက်ရောက်နေသော နေရာဖြစ်၍ ရှင်းလင်းရေးတာဝန်ကို ထိုစဉ်က လှည်းကူးမြို့နယ် သမဝါယမဦးစီးဌာနမှူး ဦးသန်းမောင်က ဦးစီးဆောင်ရွက်ခဲ့ရသည်။
သင်တန်းကျောင်း၏ အဆောက်အအုံများ ဆောက်လုပ်ခဲ့ရာတွင်လည်း ဂုဏ်ယူစရာကောင်းသည်မှာ ဆောက်လုပ်ရေး သမဝါယမအသင်းများကိုယ်တိုင်တာဝန်ယူ၍ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ အဆောက်အအုံများ ပုံထုတ်ခြင်းကို ဗိသုကာကုန်ထုတ်သမဝါယမအသင်းမှ လည်းကောင်း၊ သင်တန်းကျောင်း ဆောက်လုပ်ခြင်းကို မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေး သမဝါယမအသင်းကလည်းကောင်း တာဝန်ယူခဲ့ကြသည်။ ရေနှင့်မိလ္လာအတွက်လည်း နတ်မောက်စက်မှု လက်မှုအထက်တန်းကျောင်းဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားသော နတ်မောက်ရေသန့် သမဝါယမအသင်းကို တာဝန်ပေးခဲ့သည်။ လျှပ်စစ်မီးလိုင်း သွယ်တန်းရေးကိစ္စကိုမူ မိုးကြိုးလျှပ်စစ်အင်ဂျင်နီယာ သမဝါယမအသင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ၏။ ဝန်ကြီး ဦးစိန်ထွန်းကိုယ်တိုင် တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး တစ်နှစ်ကျော် ကာလအတွင်း ပြီးစီးခဲ့သည်။ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ထည်ထည်ဝါဝါ ခံ့ခံ့ညားညား တွေ့မြင်နေရသော၊ တိုင်တစ်လုံးမှမပါ သော ပေ (၁၂၀ x ၇၀) Dome ခန်းမသည်ပင်လျှင် ဝန်ကြီး ဦးစိန်ထွန်း၏ စိတ်ကူးစိတ်သန်း ဖြစ်ပေလိမ့်မည်။ သင်တန်းကျောင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်ပန်းမန် အလှဆင်ရေးနှင့် သင်တန်း ကျောင်းအဝင်လမ်း သစ်ပင်ကြီးများ စိုက်ပျိုးရေး အတွက် ဒေါ်ဝင်းစိန် (ပါမောက္ခ-ငြိမ်း) ကို တာဝန်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကျောင်းကို “ဗဟိုသမဝါယမ သင်တန်းကျောင်း” ဟု ခေါ်တွင်စေပြီး ၁၉၈၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ကျောင်းအုပ်ကြီးမှာ ဦးတင်ဝင်းဖြစ်ပြီး သင်တန်း နည်းပြဆရာ၊ ဆရာမများအတွက် လာရောက် ပူးပေါင်းဖွင့်လှစ်သော ပြည်လမ်းခြောက်မိုင်ခွဲ သမဝါယမသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများကို အမာခံထား သင်ကြားစေခဲ့သည်။ ထိုအချိန်က ပြည်နယ်၊ တိုင်းအလိုက် သမဝါယမသင်တန်း ကျောင်းများကို သတ်မှတ်ဖွင့်လှစ်ပေးခဲ့ရာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့အတွက် စစ်ကိုင်းသမဝါယမသင်တန်းကျောင်း (ယခု သမ ဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-စစ်ကိုင်း) ကိုလည်းကောင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွက် တောင်ကြီးသမဝါယမသင်တန်းကျောင်း (ယခု-သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း-တောင်ကြီး)ကို လည်းကောင်း၊ မကွေးနှင့် မန္တလေးတိုင်းအတွက် ပုသိမ်ကြီး သမဝါယမသင်တန်းကျောင်း (ယခု-သမဝါယမ ကောလိပ်- (မန္တလေး) ဖွင့်လှစ်ထားပြီး မကွေးနှင့် မန္တလေးမြို့များတွင်လည်း သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း တစ်ကျောင်းစီဖွင့်လှစ်ထားပါသည်) ကို လည်းကောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွက် မော်လမြိုင်သမဝါယမသင်တန်းကျောင်း (ယခု- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း - မော်လမြိုင်) ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွက် ပုသိမ်သမဝါယမသင်တန်းကျောင်း (ယခု- သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း-ပုသိမ်) ကို လည်းကောင်း၊ ရန်ကုန်တိုင်းအတွက် သန်လျင်သမဝါယမ သင်တန်းကျောင်း (ယခု-သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်-သန်လျင်) ကိုလည်းကောင်း၊ ပဲခူးတိုင်းအတွက် ပဲခူးသမဝါယမသင်တန်းကျောင်းကို လည်းကောင်း ဖွင့်လှစ်ပေးခဲ့သည်။
ကျောင်းဆောင်လေးတွေက စီစီရီရီ
ဗဟိုသမဝါယမသင်တန်းကျောင်း၊ သမဝါယမ သင်တန်းကျောင်းများအဖြစ် မွေးဖွားလာခဲ့ရာမှ ၁၉၉၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သမဝါယမဒေသ ကောလိပ်(မန္တလေး)ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သမဝါယမကောလိပ် (မန္တလေး) ဖြစ်လာခဲ့သည်။ သမဝါယမကောလိပ် (ဖောင်ကြီး)၏ သမိုင်းကြောင်းကမူ ကနဦးဖော်ပြ ခဲ့သည့်အတိုင်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာလတွင် ဗဟို သမဝါယမ သင်တန်းကျောင်းအဖြစ် လည်းကောင်း၊ ၁၉၉၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဗဟိုသမဝါယမ ကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သမဝါယမကောလိပ်(ဖောင်ကြီး) အဖြစ်လည်းကောင်း ပြောင်းလဲလာခဲ့ကြခြင်းဖြစ်သည်။ အစဉ်အဆက် တာဝန်ရှိသူများအနေဖြင့် သမဝါယမသင်တန်းကျောင်းများ ဖွင့်လှစ်ရန် စဉ်းစားစဉ်ကတည်းက သမဝါယမလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သကဲ့သို့ ကောလိပ်အဆင့်မှသည် ပိုမိုမြင့်မားသောအဆင့်တစ်ခုအထိ ဖြစ်ပေါ်လာနိုင်သည်ကို ရည်မှန်း၍ မြေနေရာအကျယ်အဝန်းနှင့် ကျောင်းဆောင် အရေအတွက်တို့ကို လုံလုံလောက်လောက် တည်ဆောက်ပေးခဲ့ကြကြောင်း တွေ့ရသည်။
သမဝါယမကောလိပ်(မန္တလေး)၏ အဆောင် နာမည်လေးတွေက အညာဆန်သလို နောက်တိုး ဆောင်ဖြစ်သည့် အာရ်စီသုံးထပ်ပင်မ စာသင်ဆောင်ကြီးနှင့် ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီးနေအိမ်များ၊ ဝန်ထမ်းအိမ်ရာများကလွဲ၍ အဆောင်အားလုံး နာမည်ကိုယ်စီရှိနေကြသည်။ ကြည့်လေ- အင်းဝဆောင်၊ ထီလာဆောင်၊ မကွေးဆောင်၊ မန္တလာဆောင်နှင့် ပန်းရိုးမဆောင်ဟု အမည်ပေး ထားသည့် စာသင်ဆောင်များ၊ ရတနာပုံဆောင် အမည်ရကျောင်းအုပ်ကြီးရုံးခန်း၊ စုဝေးခန်းမအမည်က ရန်ကင်းဆောင်၊ ဓမ္မာရုံက အောင်ပင်လယ်ဆောင်၊ Language Lab က ဧရာဆောင် စသည်ဖြင့် မှည့်ခေါ်ထားသည်။ ကျောင်းသားရေးရာ ရုံးခန်းနှင့် ကွန်ပျူတာခန်းသည်ပင်လျှင် တကောင်းဆောင်ဆိုသည့် ခံ့ခံ့ညားညားအမည်နှင့် တွေ့ရသည်။ ပင်းယ အမည်ရှိ ကျောင်းသားအိပ်ဆောင် တစ်ဆောင်နှင့် ဇလပ်ဝါ၊ ပိတောက်၊ စကားဝါ၊ ဇီဇဝါဟု မှည့်ခေါ် ထားသော ကျောင်းသူအိပ်ဆောင် လေးဆောင်လည်း ရှိနေပေသည်။ တစ်ထပ်စတိုဆောင်လေးသည်ပင်လျှင် ငုဝါဆောင်ဟူသောအမည်ကို ရယူထား၏။
သမဝါယမကောလိပ်(ဖောင်ကြီး) သည်လည်းပဲ အနှစ်သာရရှိရှိ ပေးထားသောအမည်များနှင့် ပနံရလှသည်။ ကမ္ဘောဇ၊ အင်းဝ၊ ဒဂုံနှင့် ဥသာဟု အမည်ပေးထားသော ကျောင်းသားအိပ်ဆောင်များ၊ ယုဝတီ၊ ရတနာပုံ၊ သလ္လာဝတီ၊ ဓညဝတီအမည်ရ ကျောင်းသူအိပ်ဆောင်များ၊ ကံ့ကော်ဆောင်ဟု အမည်ပေးထားသော စာသင်ဆောင်၊ သီရိဆောင်ဟု ခေါ်တွင်နေသည့် ဆရာမများ၏ အဆောင်တို့ကို တွေ့ရမည်ဖြစ်သလို ဆရာ၊ ဆရာမများ၏ ဝန်ထမ်း အိမ်ရာကိုလည်း နဝရတ်ဆောင်ဟု အမည်ပေးထားပါသည်။
သမဝါယမကောလိပ်များ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
သမဝါယမတက္ကသိုလ်၊ ကောလိပ်များမှ အမျိုး သားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံ ပြည့်ဝသော သမဝါယမ စီးပွားရေးပညာတတ်များ မွေးထုတ်ပေးရန်ဖြစ်ပါသည်။ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်ရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များကို မှန်ကန်စွာ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ သမဝါယမပညာရေး (Cooperative Education) ဆိုသည်မှာ စာသင်ခန်းကို အခြေပြုသောပညာရေးနှင့် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံတို့ ပေါင်းစပ်ထားသော နည်းစနစ်ဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သမဝါယမပညာ လေ့လာသင်ယူရာတွင် ပေါင်းစည်း လေ့လာသင်ယူရမည့်သဘော ဖြစ်ပါသည်။ သည့် အတွက် သမဝါယမပညာရေးတွင် သင်ကြားရေး အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များသည် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်နေရန်လည်း လိုအပ်ပေသည်။ ယခုအခါ ထိုအခြေခံသဘောတရားကို သမဝါယမ စာရင်းရေး စာရင်းကိုင်ပညာ သင်တန်းကျောင်း ငါးကျောင်းဖြစ်သည့် မကွေး၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီးကျောင်းများ၌ ခံယူကျင့်သုံးနေ ပြီဖြစ်သည်။
သမဝါယမကောလိပ်များ၏ သင်ကြားသင်ယူမှု စနစ်သည် အဆင့်မနိမ့်ခဲ့ပေ။ ဗဟိုသမဝါယမ ကောလိပ်ဘဝကတည်းက သင်ကြားပေးလိုက် သော ပထမ Batch ဆင်း ကျောင်းသားနှစ်ဦးသည် Youth Seminar for Asia and Pacific, ICA (ROAP) Singapore သို့ တက်ခွင့်ရခဲ့ကြောင်း သိရသည်။ ယခင် သမဝါယမကောလိပ်များမှ ဒီပလိုမာရပြီးလျှင် အဝေးသင်တက္ကသိုလ် (စီးပွား ရေး) သို့ တက်ရောက်ခွင့် (သို့မဟုတ်) စီးပွားရေး တက္ကသိုလ် (ရန်ကုန်) သို့ ဝင်ခွင့်စာမေးပွဲဖြေဆို၍ တက်ရောက်ခွင့်ရခဲ့ကြသည်။ ယခုအခါ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့သို့ ပေါင်းကူးတက်ရောက်ခွင့် ရနေကြပြီ ဖြစ်သည်။
သင်ကြားပေးနေသော ဘာသာရပ်များ
သမဝါယမလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ဒုတိယမဏ္ဍိုင်အဖြစ် သတ်မှတ်ခဲ့သော အချိန်ကာလများ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်တွင် ပရိုကိုးဟုခေါ်သော ကုန်ထုတ် သမဝါယမများ၊ ကွန်ကိုးဟုခေါ်သည့် စားသုံးသူသမဝါယမအသင်းများ ထင်ရှားခဲ့သည်။ သမဝါယမ ကျေးလက်မီးလင်းရေး လုပ်ငန်းများ၊ ရေပေးရေး လုပ်ငန်းများ၊ သမဝါယမဆေးရုံ၊ သမဝါယမဟိုတယ် လုပ်ငန်း၊ သမဝါယမဘဏ် စသည်တို့ရှိခဲ့ဖူးသည်။ သမဝါယမတွင် ကောင်းမွန်သော သဘောတရာများရှိသည်။ ခေတ်မီသော စီမံခန့်ခွဲမှုပညာရပ်များကို လည်း တတ်မြောက်ရမည်။ စဉ်ဆက်မပြတ် ပညာရေးလုပ်ငန်းစဉ်လည်း ရှိရမည်။ သင်ကြား ပို့ချပေးနေသော ဘာသာရပ်များမှာ သမဝါယမ ပညာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီမံခန့်ခွဲမှုပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ စီးပွားရေးပထဝီဝင်၊ မြန်မာ့ရေးရာ (Aspects of Myanmar)၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ ဖြစ်ပါသည်။ ယင်းသို့ သင်ကြားပို့ချပေးပြီးနောက် ပေးအပ်မည့် ဒီပလိုမာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ Diploma in Regional Development (Dip.R.D)
(ခ) စီးပွားရေးလုပ်ငန်းစာရင်းကိုင် ဒီပလိုမာ Diploma in Business Accounting (Dip.B.Acct)
(ဂ) အသုံးချစာရင်းအင်းဒီပလိုမာ Diploma in Applied Statistics (Dip.A.S)
(ဃ) ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှု ဒီပလိုမာ Diploma in Marketing Management (Dip.M.M)
(င) လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ဒီပလိုမာ Diploma in Social Enterprise Management (Dip.S.E.M)
သမ/ကျေးလက် ရှေ့သို့ခရီးဆက်မည်
သမဝါယမစနစ်သည် ကမ္ဘာပေါ်တွင် ၁၈ ရာစုမှ ယနေ့အထိ ရှင်သန်လျက်ရှိသည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင်များ သတ်မှတ်ရာတွင်လည်း သမဝါယမကဏ္ဍကို ထဲထဲဝင်ဝင်ထည့်သွင်းဖော်ပြ ထားကြောင်း တွေ့ရသည်။ နိုင်ငံအတွင်း သမဝါယမ စနစ် ရှင်သန်ဖွံ့ဖြိုးလာစေရေး အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ကဏ္ဍတွင် ကုန်ထုတ်သမဝါယမအသင်းများ ခိုင်ခိုင်မာမာအောင်မြင် ဖြစ်ထွန်းလာစေရေး အတွက် သမဝါယမကဏ္ဍနှင့် နှီးနွှယ်သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် လိုအပ်လျက်ရှိပါသည်။ ပြည်သူကိုအခြေပြုသော သမဝါယမစနစ် တည်ထောင်နိုင်မှသာလျှင် ပြည်သူ၏ ယုံကြည် ကိုးစားမှုကို ခံယူရရှိမည်ဖြစ်သည်။ ပခုံးပြောင်း တာဝန်ထမ်းဆောင်နေရသော ယနေ့အချိန်ကာလတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမ ကောလိပ်များ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းသင်တန်းကျောင်းများ၏ အခန်းကဏ္ဍကိုလည်း အလေးထားမြှင့်တင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပေသည်။