လီမာ   နိုဝင်ဘာ   ၁၇

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (အေပက်)ခေါင်းဆောင်များသည်   ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို  အလေးပေးဖော်ပြသော ထိပ်သီးအစည်းအဝေးဆိုင်ရာ ကြေညာချက်တစ်ရပ်ကို အတည်ပြုလိုက်ကြောင်း သိရသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ပြည်တွင်းစီးပွားရေး လုပ်ငန်းကာကွယ်ရေးဝါဒနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပီရူးနိုင်ငံမြို့တော် လီမာမြို့တွင် ပြုလုပ်ခဲ့သော နှစ်ရက်ကြာ   အေပက် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်တွင်   အဆုံးသတ်ခဲ့သည်။

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုများနှင့်ပတ်သက်ပြီး  ညှိနှိုင်း  ဆွေးနွေးရန် ဂျပန်ဝန်ကြီးချုပ် အီရှီဘာ ရှီဂဲရုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း  ၂၁ ခုမှ   ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်  ဇန်နဝါရီလတွင်   အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်  သမ္မတရာထူး ပြန်လည်ဆက်ခံမည်ဖြစ်သည့်အတွက်  ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ  ပြည်တွင်းစီးပွားရေးလုပ်ငန်း ကာကွယ်ရေးဝါဒကြီးထွားလာမှုနှင့်ပတ်သက်ပြီး ခေါင်းဆောင်အများအပြား   စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မကြုံစဖူးအပြောင်းအလဲများနှင့်   ရုတ်ခြည်းအပြောင်းအလဲများကို တုံ့ပြန်နိုင်ရန်  ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးလိုအပ်ကြောင်းကို ခေါင်းဆောင်များ၏ ကြေညာချက်တွင် အလေးပေး ဖော်ပြထားသည်။ ထို့အပြင် လွတ်လပ်၍ပွင့်လင်းပြီး ကြိုတင်မှန်းဆနိုင်သော   ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခုဖန်တီးရန် အရေးကြီးကြောင်းကိုလည်း အလေးပေးဖော်ပြထားသည်။

လာမည့်နှစ်     အေပက်ဖိုရမ်ထိပ်သီးအစည်း အဝေးကို တောင်ကိုရီးယားနိုင်ငံ၌  ကျင်းပသွားရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။     

အင်န်အိတ်ချ်ကေ