နေပြည်တော် နိုဝင်ဘာ ၁၈
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈) ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးစိုးတင့်၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်ပြီး အခြေခံပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများအပြင် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဆရာ၊ ဆရာမများသည် ပါတီနိုင်ငံရေးကင်းရှင်းကာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျင့်ဝတ်လိုက်နာသည့် စံပြဆရာ၊ ဆရာမများဖြစ်အောင် ပြုမူနေထိုင်ကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများသည် ဆန်းသစ်သည့် နည်းပညာများကို လေ့လာပြီး မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းမျှဝေကြရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ၊ ဆရာမများအဖြစ် တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈)သို့ သင်တန်းသား(၃၀)၊ သင်တန်းသူ (၃၆၂)ဦး စုစုပေါင်း (၃၉၂)ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်အထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
ထို့ပြင် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၆)ဦး၊သင်တန်းသူ (၉၅)ဦး စုစုပေါင်း (၁၂၁)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


