နေပြည်တော် နိုဝင်ဘာ ၁၈

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်မှ ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ 

နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ အဓိက ခရီးသွားစျေးကွက် နိုင်ငံများနှင့် အနာဂတ် မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အလားအလာများအရ အနာဂတ် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။ 

နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Alvin Tan နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Mr. Luigi Cabrini တို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ စိတ်ပါဝင်စားသူ ကိုယ်စားလှယ် (၅၀၀)ကျော် တက်ရောက်ကြသည်။ အဆိုပါ ကွန်ဖရင့်တွင် နိုင်ငံတကာမှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများ ရေးဆွဲသတ်မှတ်ထားမှု၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများနှင့် ပါဝင်သက်ဆိုင်သူများ စုပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်၍ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးအစီအစဉ်သို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်းများအနက် အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက်သင့်သည့် အခြေအနေ၊ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်အသုံးပြုမှုလျော့ချရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီး သင်္ဘောဆိပ်များသို့ သွားရောက်ခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ဝင်/ထွက်သွားလာရာတွင် လွယ်ကူအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေမှု လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်