နေပြည်တော် နိုဝင်ဘာ ၁၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် အားကစားကွင်းအတွင်း ကြိုဆိုနေရာချထားမည့်အစီအစဉ် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ယခုကျင်းပမည့် အားကစားပွဲတော်သည် နိုင်ငံတော်အဆင့် ကျင်းပသည့် အခမ်းအနားဖြစ်၍  လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ခံများအနေဖြင့် အထူးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ပွဲတော်အတွင်း လုံခြုံရေးဆပ်ကော်မတီမှ ယူဆောင်ခွင့်ပြုသည့် ပစ္စည်းများကိုသာ ယူဆောင်ခွင့်ရှိကြောင်း၊ ထို့ပြင် မော်တော်ယာဉ်များ သတ်မှတ်လမ်းကြောင်းအတိုင်း အချိန်မီ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ ရောက်ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဝင်များက ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား အမျိုးသားအားကစားပွဲတော် ကျင်းပသည့်အခါ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် သတ်မှတ်ဂိတ်များ၊ မော်တော်ယာဉ်ရပ်နားရမည့် သတ်မှတ်နေရာများ၊ ဇုန်အလိုက် ထိုင်ခုံနေရာချထားမှုများနှင့် လိုအပ်သည်များကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်