နေပြည်တော် နိုဝင်ဘာ ၁၈

 

၂၀၂၄ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း ၊ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

 

ဦးစွာ ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

 

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများနှင့် ကျောက်မျက်အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

 

ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နှင့် အုပ်စု (အေ၊ဘီ၊စီ) (၃) အုပ်စုခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

 

ပုလဲအတွဲများကို နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်လည်းကောင်း၊ ကျောက်မျက်အတွဲများကို နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ အုပ်စု (အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ (၂၂) ရက်မှ (၂၄) ရက်အထိလည်းကောင်း၊ အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ (၂၅) ရက်မှ (၂၇) ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။

 

 

ယခုပြပွဲတွင် ပုလဲအတွဲ နှင့် ကျောက်မျက်အတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည် ဖြစ်သည်။

 

အုပ်စု (အေ) နှင့် အုပ်စု (ဘီ) တို့မှ ကျောက်စိမ်းအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိပြီး ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအားလုံး ဝယ်ယူခွင့်ရှိကာ အုပ်စု (အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသည့် ပြည်ပ ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် အုပ်စု (အေ) အတွက် နိုင်ငံခြားငွေနှင့် အုပ်စု (ဘီ) အတွက် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။ အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများသည် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ် ရောင်းချခြင်းဖြစ်သည့်အတွက် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကြမ်းခင်းဈေးကို ကျပ်ငွေဖြင့်သတ်မှတ်ထားရှိကာ ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူနိုင်မည် ဖြစ်သည်။

 

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ် ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့ ကျောက်မျက်ရတနာကဏ္ဍနှင့် မြန်မာ့ပုလဲရတနာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - အောင်ရဲသွင်

ဓာတ်ပုံ - ကိုကိုထိန်