ဆစ်ဒနီ နိုဝင်ဘာ ၁၈
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်၌ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး လေယာဉ်ခရီးစဉ် ၂၀ ကျော် ဖျက်သိမ်းခဲ့ ရကာ ဆစ်ဒနီဆိပ်ကမ်းတံတား၏ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ယနေ့ဆင်ဟွာသတင်းအရ သိရသည်။
တစ်နာရီလျှင် လေတိုက်နှုန်း ကီလို မီတာ ၁၀၀ ကျော်ရှိသည့် အဆိုပါမုန်တိုင်းသည် မိုးသည်းထန်စွာရွာသွန်းပြီး ဆစ်ဒနီမြို့နှင့် နယူးဆောက်ဝေးလ် ပြည်နယ်တို့၌ နိုဝင်ဘာ ၁၇ ရက်ညတွင် တိုက်ခတ်ခဲ့ရာ လျှပ်စစ်မီးပျက်မှုများကြောင့် နယူးဆောက်ဝေးလ်ပြည်နယ် တစ်ဝန်းရှိ ဒေသခံများ ထိခိုက်ခဲ့သည်။
၎င်းမုန်တိုင်းကြောင့် နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့မြောက်ပိုင်းတွင် ပိုမိုပြင်းထန်သော မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။ ဆစ်ဒနီမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ ရှိ ကာရင်ဒါဒေသတွင် အဆောက်အအုံသုံးလုံး ပျက်စီးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများပြိုကျခဲ့ပြီး မော်တော်ယာဉ် ၂၅ စီး ပျက်စီးခဲ့ကာ ဆစ်ဒနီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်နယ်အစိုးရသည် ပျက်စီးသွားသည့် မော်တော်ယာဉ်များကို ပြုပြင်ရန်အတွက် စရိတ်ပေးဆောင်ရမည်ဟု နယူးဆောက်ဝေးလ် သယ်ယူပို့ဆောင်ရေး အတွင်းရေးမှူး ဂျော့မာရေးက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ