နေပြည်တော် နိုဝင်ဘာ ၁၈

 

ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် သီရိရတနာကားဝင်းတွင် လှမင်းထွန်း မောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော (ခ) မိုးထက်မြင့်တို့ လိုက်ပါလာသည့် ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရရှာဖွေ ရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် လိပ်ကုန်း ကျေးရွာနေ သိမ်းဆည်းရမိ ယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ်တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ် အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် King Long အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးနှင့် Higer အမျိုးအစား ခရီးသည်တင်မှန်လုံ ယာဉ်တစ်စီးတို့ကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်