ရန်ကုန် နိုဝင်ဘာ ၁၈

 

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို နိုဝင်ဘာ ၁၉ ရက်  ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ  သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာအသင်းနှင့် လက်ဘနွန်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ဒုတိယမြောက် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ပထမခြေစမ်းပွဲတွင် နှစ်သင်းစလုံး နိုင်ပွဲပျောက်ဆုံးထားသည်။ နိုဝင်ဘာ ၁၄ ရက်က ကစားသည့် ပထမခြေစမ်းပွဲတွင် မြန်မာအသင်းက  စင်ကာပူ အသင်းကို အဝေးကွင်းတွင် သုံးဂိုး-နှစ်ဂိုးဖြင့် အရေးနိမ့်ပြီး လက်ဘနွန်အသင်းက ထိုင်းအသင်းကို အဝေးကွင်းတွင် ဂိုးမရှိသရေ ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် ဒဏ်ရာရကစားသမားများပြားနေပြီး ယခုပွဲကိုလည်း အမာခံကစားသမားအချို့ လွဲချော်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် စင်ကာပူနှင့်ပွဲအတွက် ခေါ်ဆောင်သွားသည့် ကစားသမား ၂၄ ဦးကို အခြေခံကာ ယခုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းနှင့် လက်ဘနွန်အသင်းသည် ၂၀၁၆ ခုနှစ်က ယှဉ်ပြိုင်ကစားသည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တွေ့ဆုံပြီးနောက် ဆယ်စုနှစ် တစ်ခုနီးပါးအကြာမှ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာလတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၄ ASEAN Cup ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲများ ကစားလျက်ရှိပြီး သုံးပွဲကစားရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-MNL