နေပြည်တော် နိုဝင်ဘာ ၁၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် ပီလောပီနံစိုက် ပျိုးထုတ်လုပ်မှုလုပ်ငန်းနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပီလောပီနံ အခြေခံစားသောက်ကုန်ထုတ်လုပ်ရန် အသုံးပြုနိုင်သောသီးနှံဖြစ်၍ စနစ်တကျစိုက်ပျိုးထုတ်လုပ်ရန်နှင့် ပီလောပီနံကို အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိသည့် နိုင်ငံများ၏ ထုတ်လုပ်မှုနည်းစနစ်များကို စံနမူနာယူဆောင်ရွက်ရန်လိုကြောင်း၊ မှိုအသုံးပြုထုတ်လုပ်သည့် ဟင်းခတ်မှုန့်အပါအဝင် အခြားစားသောက်ကုန်များကို တွင်ကျယ်စွာ ထုတ်လုပ်သုံးစွဲရန်၊ ဈေးကွက်အလားအလာ ကောင်းများရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိရေး စိုက်ပျိုးနိုင်ရန်နှင့် စီးပွားဖြစ်စိုက်ပျိုးလိုသူများအား နည်းပညာလိုအပ်ချက်များ ကူညီပေးရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပုဂ္ဂလိကတောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ အကြံပြုဆွေးနွေး မှာကြားသည်။

 

သတင်းစဉ်