ဝင်ဘာ ၁၉

ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နေ့က အစ္စရေး၏တိုက်ခိုက်မှုကြောင့် ကလေးနှင့်အမျိုးသမီးများအပါအဝင် ပါလက်စတိုင်း ၅၀ ထက်မနည်းသေဆုံးကြောင်း ဂါဇာဒေသရှိပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးအဖွဲ့ကပြောကြားသည်။

ဂါဇာဒေသမြောက်ပိုင်းရှိ ဘိတ်လာဟီရာနှင့် ဂျာဗာလီရာ၊ ဂါဇာအလယ်ပိုင်းရှိ နူဆီးရတ်စခန်းနှင့် တောင်ပိုင်းရှိ ခန်ယွန်နစ်နှင့်ရာဖာမြို့များရှိ အိုးမဲ့အိမ်မဲ့အရပ်သားများခိုလှုံရာအဆောက်အအုံများကို ပစ်မှတ်ထားကာအစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်ကာကွယ်ရေးအဖွဲ့ကပြောသည်။

ဂါဇာမြောက်ပိုင်းရှိကျန်းမာရေးစနစ်သည် ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများနှင့် ဆေးဝန်ထမ်းများလျော့နည်းလာခြင်းကြောင့် အခြေအနေဆိုးရွားလာလျက်ရှိကြောင်း ပါလက်စတိုင်းလခြမ်းနီအသင်း၏သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

အစ္စရေး၏ဆက်လက်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းသေဆုံးသူ ၄၃၉၂၂ ဦးအထိရှိလာသည်ဟု ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို