နေပြည်တော်၊   နိုဝင်ဘာ   ၁၉

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် တာဝန်ရှိသူများ၊ ဖူးကျင့်နိုင်ငံ တကာ ဘာသာစကားသင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ကြီး ဦးစက်တီးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြပြီး နယ်ရုံးခွဲများမှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုကို အဓိကထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် လာရောက်လည်ပတ်ကြသည့် ခရီးသည်များကို ၎င်းတို့၏ ဘာသာစကားဖြင့် ဝန်ဆောင်မှုပေး နိုင်ရေးမှာ အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် တရုတ်ဘာသာစကားပြောသင်တန်းများအပြင် အင်္ဂလိပ်၊ ရုရှား၊ ဂျပန်၊  ကိုရီးယားနှင့် ထိုင်း အစရှိသည့် ဘာသာစကားသင်တန်းများကိုလည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခု ဘာသာစကားသင်တန်းကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ကျွမ်းကျင်တတ် မြောက်အောင် သင်ယူကြပြီး ဝန်ကြီးဌာနမှ အားကိုး အားထားပြုရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း  တာဝန်ခံကျောင်းအုပ်ကြီး ဦးစက်တီးက  ဆက်လက်သင်ကြားပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များကို မှာကြားသည်။ အဆိုပါ တရုတ်ဘာသာစကားပြောသင်တန်း HSK-II ကို သင်တန်း ကာလ (၂)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၌ ရင်းနှီး မြှုပ်နှံဆောင်ရွက်နေသည့်  Yangon International Hotel ၏ ဥက္ကဋ္ဌ Mr. KOKI ONODERA ကို ဝန်ကြီးရုံး၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ဂျပန်နိုင်ငံတွင် မြှင့်တင် ကြော်ငြာသွားမည့်ကိစ္စရပ်များ၊ ဂျပန်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးအတွက် ဖိတ်ခေါ်သွားမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများကို ဂျပန်လူမျိုးများသိရှိအောင် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)