နေပြည်တော် နိုဝင်ဘာ ၁၉
ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းဦးစီးဌာန၏ အဓိကတာဝန်ဖြစ်သဖြင့် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လမ်းကွန်ယက်များ တိုးချဲ့ခြင်းတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ လုပ်ကိုင်ခွင့်ရရှိရန်အတွက် ကျေးလက် လမ်းဖွံ့ဖြိုးရေးဥပဒေ ပြဋ္ဌာန်းရန်လိုအပ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ယင်းဥပဒေ(မူကြမ်း)သည် ကျေးလက်ဒေသနေပြည်သူများ၏ လူနေမှုဖွံ့ဖြိုး တိုးတက် စေရန် လိုအပ်သည့်ကိစ္စဖြစ်သဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


