နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့မှုနှင့်

အောင်မြင်သည့်ဆွေးနွေးမှုရလဒ်များရရှိခဲ့မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် မကြာသေးမီက မိမိဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ် အတွင်း ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ် ပါတီကော်မတီ အတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟို ကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီး ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ် များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်း စသည် ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေး ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော် အတွက် အပြုသဘောဆောင်နိုင်ခဲ့သော အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။

 

ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ မြန်မာနိုင်ငံဆောင်ရွက်နေသည့်အခြေအနေ၊ နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေ သည့် အခြေအနေ၊ နိုင်ငံတကာ မျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံ အားပေးမှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေး တက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ် နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ ဆွေးနွေးချက်များမှအဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ အစိုးရ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အစဉ်အမြဲထောက်ခံ အားပေးနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက် ကြွကြွ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံရေး အသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှုကိုလည်း ထောက်ခံ အားပေးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှု တို့ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ်-မြန်မာ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေး ပါကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်အတူ တကွ ဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့်အခြေအနေနှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ကြောင်း။

 

မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရို အဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို ပြောကြားခဲ့ကြောင်း၊ အပြုသဘောဆောင်သော ကောင်းမွန်သည့်ဆွေးနွေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထူးအလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိ ခဲ့ရကြောင်း။

 

GMS အစည်းအဝေးသို့တက်ရောက်လာသည့် အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံမှဝန်ကြီးချုပ်များ နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးချိန်တွင်လည်း မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှု အခြေအနေ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှလေ့လာအကဲခတ်ရေး ကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ် ဆောင်ရွက်သွားမည့် အခြေအနေကို ရှင်းလင်းပြောကြားခဲ့ရာ နိုင်ငံများအလိုက် ထောက်ခံသည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြားခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းမှု အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရေး ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သဖြင့် အောင်မြင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး

သဘောတူစာချုပ်(NCA)ပါ ကတိကဝတ်များအတိုင်း

အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ လာမည့်လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန်အတွက် EAO များ၊ နိုင်ငံရေးပါတီများနှင့် သဘောတူ ဆွေးနွေးချက်များ ရရှိပြီးဖြစ်ကြောင်း။

 

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ

ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်း ကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်းကောက်ယူရန် ကျန်ရှိနေသည့်နေရာ များ၌ အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးအထိရရှိအောင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီများမှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော် အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသား လွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အင်မတန် အကျည်းတန်အရုပ်ဆိုးသည့် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီ ခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ်အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံမဲဆန္ဒနယ် တစ်ခုတည်းတွင်သာမကဘဲ ဒေသတစ်ခုလုံးတွင် အနိုင်ရရှိအောင် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြ ခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး ၌ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကို ပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲမသမာမှုကျူးလွန်မှုသည် အတိမ်အနက်ကြီးမား ကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့် ပါတီအားရွေးကောက်ပွဲဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲမဲမသမာမှုများတွင် တာဝန်ရှိသူများ သည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် (CEC) များဖြစ်ကြောင်း၊ ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်(CEC)များသည် ပါတီကို ကိုယ်စားပြုသူများဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်တည်း ကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်ခြင်းဖြစ်သဖြင့် အလားတူ ဖြစ်စဉ်မျိုးမဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိ စေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကိုအသုံးပြုလျက်ရှိပြီး မဲစာရင်း မှန်ကန် စေရန်အတွက် အထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား ၍လည်း ပြုလုပ်နိုင်ကြောင်း။

 

သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ခဲ့သည့်

ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေး

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံ၏သမိုင်းတွင် ရေကြီးရေလျှံမှု ကြောင့် ထိခိုက်ပျက်စီးမှုတွင် အဆိုးရွား ဆုံးဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့်ထိခိုက်သေဆုံး ပျက်စီးမှုများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

 

အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ

ရှေ့သို့မရောက်နိုင်ဖြစ်နေ

သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ လူတို့၏လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိ ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဆောက်အဦများ၊ လမ်း၊ တံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီး လျက်ရှိကြောင်း၊ ၎င်းတို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည် ပြုပြင်တည်ဆောက် ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရှေ့သို့မရောက် နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်ငွေကြေးများကို ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း။

 

ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှု များနှင့် အသိပညာ၊ အတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင် ဖြစ်ကြောင်း၊ ပညာရေးအရအားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ် နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုး တက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော်ပေးနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်မှုများ ရရှိမည်ဖြစ်ကြောင်း။

 

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်

စိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်

မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးအားကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အချက်သုံးချက်ဖြစ်သည့် ပန်းတိုင် အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးကို အလေးထားကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးရေလုံလောက်စွာရရှိရေး

မြစ်ချောင်းများကို အကျိုးရှိစွာအသုံးချရန်လို

စိုက်ပျိုးရေးတွင် ရေသည် မရှိမဖြစ်လိုအပ်သဖြင့် ရေအရင်းအမြစ်များရရှိရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ရောက်ရှိသည့် ဒေသများတွင် နည်းလမ်းများ ရှာဖွေဆောင်ရွက် သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေအသုံးချရာတွင် မိုးကောင်းသောက်၊ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ စသည်ဖြင့် သုံးစွဲကြကြောင်း၊ ဆည်ရေသောက်စိုက်ပျိုးရေးအတွက် ဆည်များ တည်ဆောက်ရန် လိုနေသေးကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့အား စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးရေများကို များစွာရရှိမည်ဖြစ်ကြောင်း၊ မြစ်ဘေး တစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်း လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းများတစ်လျှောက် အရေးကြီးသည့်နေရာ များတွင် Low Head Dam များ တည်ဆောက်၍ စိုက်ပျိုးရေများ ရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်း ခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေများ ရရှိစေရေးအတွက် မြစ်ချောင်းများကို အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ကြောင်း၊ မိုးနည်းသည့်ဒေသ များတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်ကြောင်း။

 

ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရေနှင့်ဆက်စပ်ပြီး စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖော်ဆောင်ပေးရန်လိုကြောင်း၊ မြို့ပြဧရိယာ များ၌ သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော်ဆောင်ပေးထားရန် လိုကြောင်း၊ အိမ်ခြံဝင်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ချိန်အတွင်း Green Zone များကို ဖော်ဆောင် ပေးသွားရမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိတော့ မည်ဖြစ်သဖြင့် စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြ ရန်လိုကြောင်း။

 

MSME လုပ်ငန်းများကိုဆောင်ရွက်ရာတွင်

စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လို

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၅၀ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအကြီးများ ဆောင်ရွက်ရန်မဆိုလိုဘဲ စက်ယန္တရားအနည်းငယ်ဖြင့် ဆောင်ရွက်၍လည်းရကြောင်း၊ ပြည်တွင်း လိုအပ်ချက်ရှိသည့် အထည်အလိပ်လုပ်ငန်း၊ အီလက် ထရွန်နစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ သံနှင့် သံမဏိလုပ်ငန်းကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း၊ ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဒေသ၏လူသားအရင်းအမြစ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ကောင်စီဝင်များအနေ ဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် ဒေသများ အလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြား သည်။

 

ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ

ယင်းနောက် ကောင်စီဝင်များက လက်ရှိအချိန်တွင် လွိုင်ကော်ဒေသသည် ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်သဖြင့် လွိုင်ကော်ဒေသမှ ယာယီနေရပ်စွန့်ခွာ နေရသူများအနေဖြင့် ၎င်းတို့ နေရပ်တွင် ပြန်လည်အခြေချနေထိုင်လိုမှု၊ နိုင်ငံတော်၏ အနာဂတ်ကောင်းကို ပုံဖော်တည် ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်မှု၊ သက်ဆိုင်ရာဒေသများအလိုက် ခရီးစဉ်များသွားရောက်၍ ဒေသခံ ပြည်သူလူထုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက် သူများနှင့် ထိတွေ့၍ ၎င်းတို့တင်ပြချက်များ၊ လိုအပ် ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်မှုနှင့် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့မှု၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ အနေဖြင့် ဒေသနှင့် နိုင်ငံတော်အတွက် အကျိုးမရှိသည့် လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ဆွေးနွေးအဖြေရှာ ဆောင်ရွက်ကြရန်လိုအပ်မှု၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများ၌ စားရေးအတွက် အခက်အခဲမရှိအောင် နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကို ဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင် နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင် မြှောက်ပင့်မှုများကြောင့်လည်း ဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးအတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်း ရေးနှင့် ဒေသခံများ၏ လုံခြုံရေးကိုဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ကောင်စီဝင်များ အနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလို ကြောင်း။

 

ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နောက်ဆုံးအချက်၌ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်