ထားဝယ် နိုဝင်ဘာ ၂၀

 

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် ထားဝယ်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲများနှင့် စာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ကျောင်းသုံးဗလာ စာအုပ်များကို ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/ကျောင်းသူများသည် စာကြည့်တိုက်မှတစ်ဆင့် အမျိုးသားယဉ်ကျေးမှု မြတ်နိုးစေရန်၊ အမျိုးဂုဏ်ဇာတိမာန် ထက်သန်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်အတွင်း စာပေဖတ်ရှုနေကြသော ကျောင်းသား/ကျောင်းသူများအား ကြည့်ရှု၍အားပေးသည်။

 

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၇)မှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းမှ လာရောက်လေ့လာသူများ၊ ပန်းကံ့ကော်ရနံ့ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မုဒိတာ ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)