နိုဝင်ဘာ ၂၀

နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း Sokoto ပြည်နယ်ရှိဒေသသုံးခုတွင် မကြာသေးမီက ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။

အဆိုပါဒေသတွင် ကာလဝမ်းရောဂါသံသယလူနာ ၁၁၆၀ ဦးရှိပြီး ၎င်းတို့အနက် ၁၅ ဦး ကာလဝမ်းရောဂါဖြစ်ပွားသည်ကို စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးကော်မရှင်နာ အာဆာဘီဘာလာရာဘီက ယမန်နေ့နှောင်းပိုင်းက သတင်းထောက်များကို ပြောကြားသည်။

ထိုပြည်နယ်အစိုးရက ရောဂါဖြစ်ပွားကိုတုံ့ပြန်သည့်အနေဖြင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန် ဒေသန္တရအစိုးရနယ်မြေ ၂၃ ခုအနက် ၁၈ ခုတွင် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးရန်ညွှန်ကြားထားသည်။

လူဦးရေထူထပ်မှုအများဆုံးဖြစ်သောအာဖရိကနိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလနောက်ပိုင်း ထိုရောဂါသံသယလူနာ ၁၄၀၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၃၇၈ ဦး ရှိကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(အင်န်စီဒီစီ)က လွန်ခဲ့သောလက အတည်ပြုထားသည်။

ကာလဝမ်းရောဂါသည် အထူးသဖြင့် ရေကြီးရေလျှံမှု၊ ရေနှင့်မိလ္လာစနစ်ညံ့ဖျင်းမှုတို့ကြောင့် ထိခိုက်ခံစားရသော ပြည်နယ်များတွင် ကာလဝမ်းရောဂါသည် သိသာထင်ရှားသောပြည်သူ့ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းအင်န်စီဒီစီအကြီးအကဲဂျီဒီက နိုင်ငံ၏မြို့တော်အဘူဂျာရှိ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် သတင်းထောက်များအား ပြောကြားသည်။

အနောက်မြောက်ဒေသရှိပြည်နယ်သုံးခုကို ရောဂါဖြစ်ပွားမှု၏ဗဟိုချက်အဖြစ် အကြီးတန်းပြည်သူ့ကျန်းမာရေး အရာရှိကသတ်မှတ်ခဲ့သည်။ ကာလဝမ်းရောဂါသည် ရုတ်တရက်ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ကာ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို