ရန်ကုန် နိုဝင်ဘာ ၂၀
စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ပေါ်ဆန်း နှင့် ပေါ်ဆန်းအုပ်စုဝင်စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် စပါးသီးနှံ၏ မူရင်းဒေသ ဖြစ်သည့်နှင့်အညီ မျိုးဗီဇရင်းမြစ်များ လွန်စွာကြွယ်ဝပါကြောင်း၊ အနံ့အရသာ ကောင်းမွန်၍ စားသုံး သူနှစ်သက်သည့် ပေါ်ဆန်းအုပ်စု အပါအဝင် အရည်အသွေးကောင်း စပါးမျိုးများနှင့် အဓိကရိက္ခာ ဆန်စပါးဖူလုံပိုလျှံရေးအတွက် အထွက်နှုန်းကောင်း စပါးမျိုးများ စုဆောင်းထိန်းသိမ်းခြင်းနှင့် သုတေသနဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အလားတူ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဌာနနှင့်တောင်သူ ပူးပေါင်းဆောင်ရွက်ရေး နည်းပညာပြန့်ပွါးရေးကို တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြေအနေအမျိုးမျိုးကြောင့် သီးနှံဗီဇအရင်းအမြစ် များ ဆုံးရှုံးပျောက်ကွယ်မှုများမှ ကာကွယ်ရန်နှင့် ပိုးမွှားဒဏ်၊ ရောဂါဒဏ်၊ ရေငတ်ဒဏ်၊ ရေဝပ်ဒဏ် ခံနိုင်ရည်ရှိသော ဗီဇလက္ခဏာကောင်းများကိန်းအောင်း သယ်ဆောင်ထားသည့် ဒေသအပင်မျိုးရင်းများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သုတေသီများ ပညာရှင်များက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် မိုးစပါးရာသီတွင် ပေါ်ဆန်းရင် ဧက (၂၄၀၀၀) ကျော်၊ မီးဒုံး ဧက(၁၇၀၀၀၀) ကျော်၊ ဆန်းမွှေး (၅၀၆) ဧကနှင့် အထူးအထွက်တိုးမျိုး၊ အထွက်ကောင်းမျိုး၊ အဆင့်မြင့်မျိုးများ အပါအဝင် မိုးစပါး (၁,၁၄၄,၇၃၂)ဧက စိုက်ပျိုးခဲ့ပြီး နွေစပါးစိုက်ဧက (၂၅၀,၈၉၆) ဧက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


