နေပြည်တော် နိုဝင်ဘာ ၂၀

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် နိုဝင်ဘာ (၁၇) ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ ထွက်လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ ကွမ်ကျိုးမြို့၊ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညပိုင်းတွင် ရောက်ရှိကြသည်။

နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းမြို့၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သို့ သွားရောက် လေ့လာကြရာ SIPG HAITONG LOGISTICS ကုမ္ပဏီရုံးခန်း၌ တာဝန်ရှိသူတစ်ဦးက ရှန်ဟိုင်း ဆိပ်ကမ်း၌ နိုင်ငံတကာ သို့တင်ပို့မည့် မော်တော်ယာဉ်များ ထိန်းသိမ်းထားရှိမှု၊ မကြာသေးမီ ကာလက ဆောင်ရွက်ခဲ့သည့် ပြည်ပသို့တင်ပို့မည့် မော်တော်ယာဉ်များအား ဂိုဒေါင်အတွင်း အလွှာလိုက် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ လက်ရှိအခြေအနေတွင် လုပ်ငန်းခွင်ဝန်းအတွင်း ယာဉ်များ စနစ်တကျ စီရီထားရှိမှုနှင့် လုပ်ငန်းစဉ်  အဆင့်အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းဆိပ်ကမ်း၌ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များကို နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောပေါ်သို့ တင်ဆောင်နေမှုလုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းဆိပ်ကမ်း၌ ပြည်ပနိုင်ငံများသို့ တင်ပို့မည့် ကုန်ပစ္စည်းတင်ကွန်တိန်နာများ သယ်ယူ၍ ပင်လယ်ကူးသင်္ဘောများပေါ်သို့ စိစစ် တင်ဆောင်နေမှုကို ကြည့်ရှုလေ့လာကြပြီး ပြည်ဝင်/ ပြည်ထွက်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာများ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို ဆက်စပ်ဌာနများ ပေါင်းစပ် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ဗဟိုထိန်းချုပ်ရေးစင်တာ (Terminal Control Center) သို့ သွားရောက်၍ ရှန်ဟိုင်းဆိပ်ကမ်းသို့ Terminal အသီးသီးမှ ဝင်ထွက် ဆိုက်ကပ်ကာ ကုန်ပစ္စည်းများ သယ်ယူတင်ချဆောင်ရွက်နေမှု အခြေအနေများကို နည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီး၏ သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ရှန်ဟိုင်းပြည်ဝင်/ပြည်ထွက်နယ်စပ်စစ်ဆေး ရေးဌာန (Shanghai Entry-Exit Frontier Inspection Station) မှ Chief Station Director၊ Mr.Gong Yao  က ရှန်ဟိုင်း ပြည်ဝင်/ပြည်ထွက် နယ်စပ်စစ်ဆေးရေးဌာန ဧည့်ခန်းမ၌ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်