ရန်ကုန် နိုဝင်ဘာ ၂၁
“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ် ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး” အတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရေကန်အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်ပေးသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရေကန်တစ်ကန်ချင်းစီ အလှူရှင် (၂၁)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ ၁၀၀ ရာနှုန်း ဆောင်ရွက်ပြီးစီးသော ရေကန်(၄၅)ကန်နှင့် ဆောင်ရွက်ဆဲ ရေကန်(၅) ကန်ရှိပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ မတူးဖော်ရသေးသော ရေကန်(၃၄)ကန်ကို ကန်ဆယ်တူး ဖော်သွားမည် ဖြစ်ပါကြောင်း။
ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက(၃) ကြောင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ် ပြုပြင်ခဲ့ပါကြောင်း၊ အလှူငွေများ လှူဒါန်းပေးသော အလှူရှင်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရေလမ်းကြောင်းများ ဖော်ထုတ်နေမှု အခြေအနေနှင့် ရေကန်များအား ပြုပြင် ထိန်းသိမ်းတူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့သည့် အလှူရှင်(၂၁)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့် ရေကန် ဆိုင်ရာအချက်အလက်များကိုပေးအပ်ရာ အလှူရှင်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
ဆက်လက်၍ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် အန္တရာယ်ကင်းပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုများကို ပြည်ထောင်စုဝန်ကြီးက Video မှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


