နေပြည်တော် နိုဝင်ဘာ ၂၁
သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း နှင့် တာဝန်ရှိသူများ၊ သမဝါယမအသင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမလုပ်ငန်းများ ခေတ်နှင့် လျော်ညီမှုရှိစေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်ပေးနိုင်ရန် အတွက် လည်းကောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ ပါဝင်နိုင်စေရန်အတွက်လည်းကောင်း လက်ရှိကျင့်သုံးနေသည့် ၁၉၉၂ ခုနှစ်၊ သမဝါယမ အသင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယင်းဥပဒေ(မူကြမ်း)သည် ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန်လိုအပ်သဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်း နိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


