နေပြည်တော် နိုဝင်ဘာ  ၂၁

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၆)အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာ ဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ  ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင် ငွေရရှိသော လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့်  အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီများ၏ ဖြန့်ဖြူးရောင်းချမှု အပါအဝင် လက်ရှိဖြစ်ပေါ်နေသော မြေပြင်အခြေ အနေအပေါ် ထိန်းကျောင်းဆောင်ရွက်သွားမည့် အစီအမံများ၊ လိုအပ်ချက်နှင့် လက်တွေ့ ဆောင်ရွက်သင့်သည်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း။ 

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ နေရာ ဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးခဲ့သဖြင့် စပါး စိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုစသည်တို့ကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ လက်ရှိစားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တိရစ္ဆာန် မျိုးသားပေါက်၊ အစာနှင့်ကာကွယ်ဆေး စသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးလျက်ရှိကြောင်း။ 

ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက  ကြပ်မတ်ထိန်းကျောင်းသွားရန် လိုအပ် ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည် အစီအမံများကို ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်း ဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ် ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားသောက်ကုန်ဈေးနှုန်းများတည်ငြိမ် စေရေး ဆောင်ရွက်ချက်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီ စသည့် အရေးကြီး ကုန်စည်များနှင့် စပ်လျဉ်းပြီး နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးသည်။ 

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ခုနှစ် ဩဂုတ် ၁၈ ရက် တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဉ နှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ် ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များအား ဉပဒေနှင့်အညီ ကြီးကြပ်ရေး လုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်