နေပြည်တော် နိုဝင်ဘာ ၂၂

 

မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူ များတက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားအဆင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကိုလည်း မူလရည်မှန်းချက် (၆)ရပ်အပေါ်အခြေခံ၍ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ကဏ္ဍတို့တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ယခင် ပထမငါးနှစ် စီမံချက်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်၍ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ကို ပိုမိုထိရောက်အောင်မြင်စေရေး ဆက်လက် အကောင်အထည်ဖော်သွားရန် လိုကြောင်းနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးအကြံပြုပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်