နေပြည်တော်၊ နိုဝင်ဘာ ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှ-စစ္စနို့-ကန်တုတ်ကားလမ်းအနီး၌ မော်တော် ယာဉ်(၂)စီးပေါ်မှ တရားမဝင် အခြားသစ်(၅ ဒသမ ၇၀၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၆၅၂)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့်Forland Dump Truck (၁)စီး၊ SKAT Dump Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)နှင့် မကွေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၁၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂,၀၉၆)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီးနှင့် မော်တော် ဆိုင်ကယ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၆၆၄,၇၄၈)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၅)လုံးအတွင်း မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၆,၈၀၁,၁၅၆)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၇)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၈,၉၅၉,၅၈၆)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅,၇၆၀,၇၄၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နေပြည်တော်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရ ခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၃၃၀)တန်၊ အခြားသစ် (၁၂ ဒသမ ၉၈၈)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၂,၉၂၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီလုံ-ဘားအံလမ်းရှိခမရ (၂၀၂) စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂၄)မျိုး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၃၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃,၃၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Landcruiser မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၁၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၉၀၄)တန်၊ သစ်မာ (၀ ဒသမ ၃၆၁)တန်၊ အခြားသစ် (၁ ဒသမ ၁၅၂)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၉၈,၄၄၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တံတားဦး(စကားအင်းအဝိုင်း)နှင့် ပလိပ်မြို့ကြား၊ CP ကြက်စာစက်ရုံအနီး၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၃၁,၈၉၉,၆၅၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၂)စီးနှင့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၈၉၉,၆၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၁၁,၁၄၆,၅၁၈)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)


