နေပြည်တော် နိုဝင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စုတွင် ဝင်ငွေတိုးစီမံကိန်းဖြင့် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်အောင်မြင် ကျေးရွာအုပ်စု၊ ပေါက်တော ကျေးရွာ၊ အုန်းတောပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမှရပ်မိရပ်ဖများ၊ သင်တန်းသား/ သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ သင်တန်းကော်မတီဝင်များကို ဝတ်စုံများ ထောက်ပံ့ ပေးအပ်ပြီး သင်တန်းတွင်လက်တွေ့သင်ကြားမည့် ရက်ကန်းစင်များ၊ သင်တန်းအထောက်အကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများကို လယ်ဝေးမြို့နယ်(ခုတင်-၁၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်များက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစားလစာထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီမှထောက်ပံ့သည့် ဆန်နှင့် ကြက်ဥများကို အငြိမ်းစားဝန်ထမ်း တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံကန်တွင် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး ကျင်းပသည့် စက်တပ်ရေယာဉ်မောင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းသားများကို နေပြည်တော် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့သည် ဆန်အိတ်များကိုပေးအပ်ပြီး ဆင်အုံကန်အတွင်း စက်တပ်ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်း သရုပ်ပြသမှုနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ရေပြင်အသက်ကယ် လုပ်ငန်းသုံပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ မြို့နယ်၊ Park Royal Hotel နှင့် Horizon Lake View Resort တို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်း ကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၆၉ တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောင်ရွက်သည့် စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ နေပြည်တော်မြို့မဈေးအနီး သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု အားကစား အသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


