နေပြည်တော် နိုဝင်ဘာ ၂၂

(၂/၂၀၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်းစဉ် ၁၄ ခု အနက် ၁၀ ခုကို အောင်မြင်စွာအ ကောင်အထည်ဖော်နိုင်ခဲ့ပြီး လုပ်ငန်းစဉ် ၄ ခုကို ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မှာ ဖြစ်သည့်အတွက် လုပ်ငန်းများ အချိန်မီ ပြီးစီးစေရန်အတွက် လုပ်ငန်း အဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားစေလိုကြောင်း၊ အေအီးစီ (AEC) အနေဖြင့် ယခုနှစ်မှာလုပ်ငန်း(၁၁၁)ခုကို အကောင်အထည်ဖော်ရန် ချမှတ်ထားပြီး၊ အာဆီယံဒေ သတစ်ခု လုံးအနေဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းအများစုမှာ ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်၍ လုပ်ငန်းအဖွဲ့များအနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

အာဆီယံအနေဖြင့် ဒေသတွင်းသာမက ဒေသပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နေသည့်အတွက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ရာ တွင် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) အရ အာဆီယံ၏ ဗဟိုကျမှု(Centrality)ကို ထိန်းသိမ်းဆောင်ရွက်ရန် အာဆီယံ၏လုပ်ငန်းအဖွဲ့များ ညှိနှိုင်းအစည်းအဝေးများတွင်  အလေးထား ဆွေးနွေးစေလိုကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် အေအီးစီ လမ်းပြမြေပုံ ၂၀၂၅ အကောင်အထည် ဖော်မှု၏ အပြီးသတ်ကာလဖြစ်သည့်အတွက် အေအီးစီလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၅ အလွန်တွင် အေအီးစီလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် အေအီးစီ မဟာဗျူဟာစီမံချက် (၂၀၂၆-၂၀၃၀) ကို ရေးဆွဲလျက်ရှိသည့်အတွက်  လုပ်ငန်းအဖွဲ့က အကြံပြုချက်များ ထည့်သွင်းရန်နှင့် မူဝါဒများ ချမှတ်ရာတွင် ဒေသတွင်းကတိကဝတ်များနှင့် ကိုက်ညီမှုရှိစေရန် ကြိုတင်လေ့လာမှုများ ဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူများကို စနစ်တကျ လေ့လာသင်ကြားမှုများ ဆောင်ရွက်ရန်တို့ကို ပြောကြားသည်။

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိဖြစ်သူ ဒေါက်တာမာလာမျိုးညွန့်က (၅၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် (၂၄)ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးတို့၏ ဆွေးနွေးချက်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ (ဒုတိယဝန်ကြီးများ)၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြား ရေးမှူးချုပ်များက လုပ်ငန်းကော်မတီအလိုက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

 

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီ (၂၂) ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌများ အဖြစ် ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန်များက လည်းကောင်း၊ အတွင်းရေးမှူး များအဖြစ် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း၊ သက်ဆိုင်ရာ ဌာနများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)