နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ Website နှင့် Mobile Application လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါကြောင်း။
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်မှုမရှိသည့်အပြင် လွတ်လပ်၍တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း တွေ့ရှိ ရသဖြင့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ရကြောင်း၊ ထိုစုံစမ်းစစ်ဆေးတွေ့ရှိချက်များကို အများပြည်သူ သိရှိလေ့လာနိုင်စေရန် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဘာသာ ၅ မျိုးဖြင့် စာအုပ်ပြုစု ထုတ်ဝေခဲ့ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွား စေရန်နှင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများက ပိုမိုပြည်စုံလွယ်ကူစွာ ကြည့်ရှုနိုင်ရန်အတွက် ဘာသာစကား ၅ မျိုးဖြင့် ဖတ်ရှုနိုင်မည့် Website နှင့် Mobile Application ရေးဆွဲလွှင့်တင်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် “Website ရေးဆွဲ လွှင့်တင်နိုင်ရေးအဖွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဖွဲ့အနေဖြင့် Website နှင့် Mobile Application ရေးဆွဲလွှင့်တင်နိုင်ရေး လုပ်ငန်းစဉ် ၇ ရပ် ပါဝင်သည့်လုပ်ငန်း စီမံချက်ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဇူလိုင်လ ဒုတိယပတ်မှ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ပူးပေါင်းညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါ Website နှင့် Mobile Application တို့ကို ရေးဆွဲပြီးဖြစ်၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများ ဖတ်ရှုလေ့လာနိုင်ရန် လွှင့်တင်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် Website ရေးဆွဲလွှင့်တင်နိုင်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က Website နှင့် Mobile Application ရေးဆွဲလွှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး Website နှင့် Mobile Application လွှင့်တင်ခြင်းဆိုင်ရာ Video Clip ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက Touch Screen Monitor တွင် ဒီဂျစ်တယ် လက်ဗွေနှိပ်၍ Website လွှင့်တင်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ Website ရေးဆွဲလွှင့်တင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင် ကိုယ်စား လှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
( သတင်းစဉ် )


