(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် )
အားလုံးမင်္ဂလာပါ။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာ ကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ် နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြ ပါစေ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဆေးပညာကို မြတ်နိုး တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ နဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွေကို ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာအခုဆိုရင် (၂၃)ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။ ယခုနှစ် ညီလာခံကို “တိုင်းရင်းဆေးပညာ သင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြု နိုင်စေရန်” “တိုင်းရင်းဆေး ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့် အညီထုတ်လုပ်နိုင်စေရန်” “အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ် ပေးနိုင်စေရန်” “မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန်” ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပပေးနေရ ခြင်းက မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ ပြည်သူ လူထုရဲ့ ကျန်းမာရေးကို မြန်မာ့တိုင်းရင်း ဆေးပညာ၊ တိုင်းရင်းဆေးဝါးတွေနဲ့ ထိထိရောက်ရောက် စောင့်ရှောက်ကုသမှုပေး ခဲ့ကြတဲ့ အစဉ်အလာအတိုင်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို မိမိနိုင်ငံရဲ့ တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါး တွေနဲ့ ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။
ဒီနေ့အချိန်အခါဟာ နိုင်ငံတော်ရဲ့ အမျိုးသားရေးဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မယ့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ လူသားအရင်းအမြစ်ဟာ အဓိကကျပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာရှင်၊ အတတ်ပညာ ရှင်၊ ကျွမ်းကျင်ပညာရှင်များနဲ့သာ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေး ပညာခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အဆင့်အတန်း မြင့်မားလာစေရေးအတွက် ပုံဖော်စွမ်းဆောင် နိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပြီး မြန်မာ့တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်း အမြစ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။
ပြည်သူများရဲ့မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေဖို့နဲ့ လူတိုင်းလက်လှမ်းမီ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားလုံးရရှိစေဖို့အတွက် တိုင်းရင်းဆေးသမားတော်များနဲ့ လုပ်ငန်းရှင်များက လည်း တိုင်းရင်းဆေးကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ မြန်မာ့တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တွေ ဖြစ်တဲ့ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တ နယဆိုတဲ့ နယကြီးလေးပါးကို အခြေတည်ပြီး လက်တွေ့ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့ ကုထုံးများ၊ စာပေမှတ်တမ်းများ၊ ခေတ်အဆက်ဆက် ရေးသားခဲ့တဲ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပေ၊ ပုရပိုက်များ၊ စာပေ ကျမ်းဂန်တွေနဲ့ ဆေးကျမ်းတွေဟာ တန်ဖိုး အလွန်ကြီးမားပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့တိုင်းရင်းဆေး ပညာဆိုင်ရာ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး လက်ဆင့်ကမ်းမျှဝေပေးဖို့နဲ့ ပိုမိုတိုးတက်လာစေဖို့ကတော့ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ဒီနှစ် နှီးနှောဖလှယ်ပွဲမှာ စာတမ်း(၁၃)စောင်ကို ဖတ်ကြားသွားမယ်လို့ သိရပါတယ်။ အဲဒီစာတမ်းတွေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာဆေးဝါးတွေ၊ ကုထုံးတွေပါဝင်နေတာ တွေ့ရှိရတဲ့အတွက် တိုင်းရင်းသားတွေ လက်တွေ့ အသုံးပြုနေတဲ့ အဆိုပါဆေးဝါးတွေနဲ့ ကုထုံးတွေကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ အလေးထားမှာကြားလိုပါတယ်။
ဆက်လက်ပြီးတော့လည်း အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းတဲ့၊ အကျိုးအာနိသင် ရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို အများပြည်သူသုံးစွဲနိုင်ဖို့အတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းတွေကို ပိုမို ဆောင်ရွက်ပြီး မှတ်တမ်းတင်ထားရှိဖို့လိုပါတယ်။ ဆောင်ရွက်ပြီး သုတေသနတွေကို မှတ်ကျောက်တင်နိုင်ဖို့အတွက် နှစ်စဉ် စာတမ်းဖတ်ပွဲတွေကို ကျင်းပပေးခဲ့ရာမှာ ယခုနှစ်မှာ (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်း ဖတ်ပွဲ ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးသမားတော်တွေ သုတေသနပညာရှင် တွေ၊ ဆေးဝါးပညာရှင်တွေ၊ နှီးနွှယ်ပညာရှင်တွေနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေ အားလုံးတို့က မျက်ခြည်မပြတ် ဆန်းစစ်လေ့လာပြီး ကြိုးပမ်းအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ဆောင်ရွက်ခဲ့မှုတွေကို မှတ်တမ်း စာအုပ်အဖြစ် ပြုစုထားတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ တိုင်းရင်းဆေး ဆိုင်ရာကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းဆေးပညာကို ခေတ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် နိုင်ငံတကာကို ပညာသင်များစေလွှတ် ပြီး နည်းပညာများသင်ယူခြင်း၊ မျှဝေခြင်း၊ မိမိနိုင်ငံနဲ့ လိုက်လျောညီထွေ ပြန်လည်အသုံးချပြီး ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်တာတွေ လုပ်ကြရမှာဖြစ် ပါတယ်။ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)နဲ့ တရုတ်နိုင်ငံ ယူနန်တိုင်းရင်းဆေး တက္ကသိုလ်တို့ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး တိုင်းရင်းဆေး ပညာပိုမိုဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ့ရလို့ ဝမ်းမြောက်မိ ပါတယ်။
နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ တိုင်းရင်းဆေးပညာနဲ့ ပါဝင်အားဖြည့်နိုင်ဖို့အတွက် တိုင်းရင်းဆေး ကဏ္ဍကို အလေးအနက်ထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ အားပေးမှုနဲ့အတူ တိုင်းရင်းဆေး ပညာရှင်များကလည်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို အစဉ်အမြဲ စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်နဲ့ ကပ်ရောဂါများ တွေ့ကြုံရင်ဆိုင်လာရင်လည်း ပြည်သူကို တိုင်းရင်းဆေးပညာနဲ့ စောင့်ရှောက်ကူညီပေးနေတာတွေ့ရလို့ ကျေနပ်အားရမိပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တိုးတက်ကောင်းမွန်လာတဲ့ စီးပွား ရေးမောင်းနှင် အားကို မဏ္ဍိုင်ပြုပြီး (MSME) စက်မှုလုပ်ငန်းတွေကို အားပေးဆောင်ရွက်ရေးနဲ့ ပို့ကုန် ကဏ္ဍမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ တိုင်းရင်းဆေးကုန်ကြမ်းတွေကို အခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်ကုန် တွေရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်း (MSME)တွေကို ရေရှည်အာမခံချက်ရှိ အောင် အားပေးကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ပတ်သက် ပြီး MSME လုပ်ငန်းတွေကို အိမ်တွင်းစက်မှု လုပ်ငန်းအဆင့်သာ မဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်မှသည် ပြည်ပပို့ကုန်အထိ ဖြစ်စေရေး အတွက် တိုင်းရင်းဆေးဝါးတွေကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာအဆိုအရ သက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းနိုင်စေဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ သမုဋ္ဌာန်လေးပါးနည်းစနစ်နဲ့အညီ ပြုမူနေထိုင်စားသောက်ရင် ကျန်းမာခြင်းအကျိုးရရှိမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေး ပညာရှင်တွေက ကျေးလက်ဒေသအောက်ခြေအထိ ကွင်းဆင်းဆေးကုသခြင်းနဲ့အတူ ပြည်သူလူထုကို တိုင်းရင်းဆေးပညာနည်းစနစ်တွေ နေ့စဉ်မျှတစွာ ပြုမူနေထိုင်စားသောက်တတ်ကြစေဖို့ ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာတွေ့ရတဲ့အတွက် ဝမ်းသာကျေနပ်အား ရမိပါတယ်။ ယခုထက်ပိုမိုပြီး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ အရှည်တည်တံ့စွာ စောင့်ရှောက်နိုင်ပြီး ပြည်သူတွေအနေနဲ့လည်း တိုင်းရင်းဆေးပညာကို ပိုမိုယုံကြည်လေးစား အားကိုးအား ထားပြုနိုင်ကြစေဖို့ ဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက် နဲ့တွေ့ဆုံကြတဲ့ ဒီညီလာခံကြီးမှာ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန တွေက ပညာရှင် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းဆေး ပညာရှင်များ ချစ်ခင်ရင်းနှီးစွာဖြင့် စုပေါင်းညီညာ တိုင်ပင်ဆွေးနွေး နှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်း ရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင် ပြီး ပြည်သူလူထုရဲ့ကျန်းမာရေးကို အရည်အသွေးပြည့်ဝစွာနဲ့ ပိုမိုတိုးမြှင့် စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


