မိတ္ထီလာ၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဌ ဗိုလ်ကြီးနန္ဒကျော်သူ(ငြိမ်း)က မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)မှ မူလတန်းအဆင့် အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်း၊ အလယ်တန်းအဆင့်အတွက် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်း၊ အထက်တန်းအဆင့်အတွက် တစ်ဦးလျှင် ၂၀၀၀၀နှုန်းဖြင့်လည်းကောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့မှမူလတန်းအဆင့်အတွက် တစ်ဦးလျှင် ၅၀၀၀ကျပ်နှုန်း၊ အလယ်တန်းအဆင့်အတွက် တစ်ဦးလျှင် ၁၀၀၀၀ကျပ်နှုန်း၊ အထက်တန်းအဆင့်အတွက် တစ်ဦးလျှင် ၁၅၀၀၀ကျပ်နှုန်းဖြင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဌ ဗိုလ်ကြီး နန္ဒကျော်သူ(ငြိမ်း)နှင့် တာဝန်ရှိတို့က အသီးသီးပေးအပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် မူလတန်းအဆင့် ၁၁၁ ဦး၊ အလယ်တန်းအဆင့် ၈၆ ဦးနှင့် အထက်တန်းအဆင့် ၈၅ ဦး စုစုပေါင်း ၂၈၂ ဦးအတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)မှ ငွေကျပ် ၄၁ သိန်းနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ငွေကျပ် ၂၆၉၀၀၀၀ စုစုပေါင်း ငွေကျပ် ၆၇၉၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


