နေပြည်တော် နိုဝင်ဘာ ၂၃
အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) က ကြီးမှူးကျင်းပသည့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဗဟိုဘဏ်များ၏ ကိုဗစ်အလွန်မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ 
အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) မှ နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ မိုဇမ်ဘစ်၊ မဒါဂတ်စကားနှင့် ဇင်ဘာဘွေနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ Head of Reserve Management Department ဌာနမှ အကြီးအကဲများ၊ Reserve Bank of South Africa ၊ Bank of Namibia နှင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဗဟိုဘဏ် အဆင့်မြင့်အရာထမ်းများ၊နိုင်ငံတကာမှ ဘဏ်နှင့်ပတ်သက်သည့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Panel Session (၇) ခု ကျင်းပခဲ့သည်။ 
ဆွေးနွေးပွဲတွင် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများတွင် ကိုဗစ် - ၁၉ ကပ်ရောဂါမဖြစ်ပေါ်မီ စီးပွားရေးဖွံဖြိုးတိုးတက်မှုအခြေအနေ၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်အတွင်း နိုင်ငံ၏ စီးပွားရေးလည်ပတ်မှုကောင်းမွန်စေရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ကိုဗစ်အလွန်ကာလတွင် နိုင်ငံတိုင်းသည် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်မှုရှိသည့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရန်ဆောင်ရွက်ခဲ့သည့် အခြေအနေများပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မျှတမှုရှိစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ခြင်းမှ တစ်ဆင့်စီးပွားရေးစနစ်အပေါ် အကျိုးသက်ရောက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌများအကြား မူဝါဒပိုင်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားအရန်ငွေ ထိန်းသိမ်းထားရှိမှုဆိုင်ရာ စီမံခန့်ခွဲခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြပ်မတ်ကွပ်ကဲသည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေရသည့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ AI နည်းပညာ၏ ငွေရေးကြေးရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် Digital ငွေကြေးများ၏ အကျိုးသက်ရောက်မှုများခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ 
အဆိုပါ မူဝါဒဆိုင်ရာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ခိုင်မာတောင့်တင်းမှုအခြေအနေအပေါ် ဆန်းစစ်ပြီး၊ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်စေသည့် လိုအပ်သော Policy ပံ့ပိုးမှုများဖြစ်သည့် ဈေးကွက်ပြန် လည်ရှင်သန်နိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်ခြင်းမပြုလုပ်ခဲ့ဘဲ ငွေရေးကြေးရေးကဏ္ဍ ခိုင်မာမှုအပေါ်မူတည်၍ သီးသန့်ငွေအချိုးမြှင့်တင်ခြင်း၊ ငွေကြေးလွယ်ကူမှုအတွက် SWAP/ Repo Facility များ ပံ့ပိုးပေးခဲ့သည့်အခြေအနေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းဆောင်ရွက်ခဲ့သည့် Intervention ပုံစံများ၊ ပြည်ပကုန်သွယ်မှုတွင် External Factors များ ကျော်လွှားနိုင်ရန် Dedollarization ကို အလေးထားဆောင်ရွက်ခဲ့ပြီး အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ဖြင့် ဒေသတွင်း သုံးငွေကြေးများဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။ 
ယင်းနောက်ဆွေးနွေးပွဲ တက်ရောက်လာသူများက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် Local Currency Settlement အသုံးပြုဆောင်ရွက်နေမှု မေးမြန်းချက်အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ 
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် အိန္ဒိယသမ္မတနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် Bilateral အစည်းအဝေးတွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံဗဟိုဘဏ်များအကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် ဗဟိုဘဏ်ဝန်ထမ်းများ၏ Capacity Building ဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုပြုရာတွင် Local Currency Settlement ဖြင့် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်