နေပြည်တော် နိုဝင်ဘာ ၂၃
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet– 32nd AARM) ပိတ်ပွဲသို့တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့၌ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ Camp O’Donnell ရှိ လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များ၊ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် သေနတ် ပစ်အသင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်သည့်အနက် မြန်မာ့ တပ်မတော်ကိုယ်စားပြုအသင်းအနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက်အဆင့် (၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြားပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့် (၃) ရရှိခဲ့သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် Camp O’Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ် ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင် ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည်ခင်းဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့သည်။
ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြား 
ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်