ပခုက္ကူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)နှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျောင်းသား၊ ကျောင်းသူများ သပိတ်မှောက် ဆန္ဒပြကန့်ကွက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ဥပဒေမူကြမ်း အချက်အလက်များ၊ ၂၀၂၄ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့် ဦးတည်ချက်များနှင့် ရုပ်ပြ၊ ကာတွန်း၊ ကဗျာများပါဝင်သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာပေပညာရှင်များ၏ စာပေဖတ်ရှုလေ့လာခြင်း အကျိုးကျေးဇူးများနှင့် စပ်လျဉ်းသော အဆိုအမိန့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ရောဂါအန္တရာယ်နှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူ(လူငယ်လူရွယ်)များ ဖတ်ရှုလေ့လာသင့်သည့် သုတ၊ သုရဆိုင်ရာ စာအုပ်စာပေများ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြနှင့် ကာတွန်းစာအု်ပများအား ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ကြရာ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


