နေပြည်တော်    နိုဝင်ဘာ ၂၄

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေးအန္တရာယ် သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့ကပေးပို့သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်လေဆိပ်သို့   ရောက်ရှိသည်။                

အဆိုပါလူသားချင်းစာနာ ထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်လေဆိပ်၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov နှင့်ရုရှားနိုင်ငံမှ အလှူရှင် အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီး ဦးစိုးကြည်က လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ 

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ စုစုပေါင်းတန်ချိန် (၃၅) တန်ခန့် ပါဝင်ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံး ခွဲဝေပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်