ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

 

ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ ခင်ဗျား

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။  

                     

ဤသမိုင်းဝင် နေ့ထူးနေ့မြတ်သည် ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်အုပ်စိုးမှုကို သက်ဆိုးရှည်စေမည့် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင် တော်လှန်ခဲ့သောနေ့၊ မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်နှင့် ဇာတိမာန် ရှင်သန်တက်ကြွလာစေရန် သန္ဓေတည်ပေးခဲ့သောနေ့တို့ ဖြစ်ခြင်းကြောင့် မြန်မာပြည်သူ ပြည်သားအားလုံး မမေ့အပ်သည့်နေ့ဖြစ်ပါသည်။

 

ကိုလိုနီနယ်ချဲ့တို့သည် ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများကို  ထုတ်ယူသုံးစွဲပြီး မတရားဖိနှိပ်အုပ်ချုပ်ခဲ့ကြသည့်အပြင် မြန်မာတိုင်းရင်းသားများ  အဆင့်မြင့်ပညာ မသင်ကြားနိုင်အောင်၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းမလိုက်နိုင်အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြန်မာတိုင်းရင်းသားပြည်သူများက မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ခွင့်ရရှိရေးအတွက် အကြိမ်ကြိမ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသဖြင့် ကိုလိုနီနယ်ချဲ့တို့က  ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်။

 

ဤအက်ဥပဒေသည်  မြန်မာလူငယ်များ  တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့် မရနိုင်အောင် အမျိုးမျိုး ကန့်သတ်ချုပ်ချယ်ထားသည့်အတွက် မျိုးချစ်စိတ်ပြင်းထန်သည့် ကိုဘရှင်၊ ကိုဖိုးကွန်း၊ ကိုဖေသိန်းတို့ပါဝင်သည့် ကျောင်းသားကြီး (၁၁) ဦးက ဦးဆောင်ကာ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသည်။ ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့ သိမ်းပိုက် လိုက်သည့်အချိန်မှစ၍ တိုင်းတစ်ပါးသားလူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေး အတွက် မြန်မာတစ်မျိုးသားလုံးကို ဝံသာနုရက္ခိတစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် လှုံ့ဆော် နှိုးဆွပေးခဲ့သည်။ နိုင်ငံနှင့်ပြည်သူလူထုအား သူ့ကျွန်ဘဝမှလွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်များ ပေါက်ဖွားရင့်ကျက်လာ‌အောင်လည်း ဖန်တီးလှုံ့ဆော်ပေးခဲ့သည်။

 

မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုသည် စွမ်းအားဖြစ်ကြောင်း သက်သေပြကမ္ပည်း စိုက်ထူနိုင်ခဲ့သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်မပျက် သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၀၄) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ ခင်ဗျား

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စု တစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံ အုတ်မြစ်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည် စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခမှုများကို လျှော့ချကာတွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ယုံကြည်မှုအပေါ် အခြေခံသော ဆက်ဆံရေးသည် စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံး၌ ပိုမိုသဟဇာတရှိသော အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကိုသာ ပေါ်ပေါက်စေမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အန္တရာယ်ဖြစ်စေမည်ကို သတိထားကြရန် လိုအပ်မည်ဖြစ်ပါသည်။

 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုအချိန်သည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်းယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါ များ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရမည့်အချိန်အခါ ဖြစ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများကို အသုံးချပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော်ကြရန် တိုက်တွန်းအပ်ပါသည်။

 

ချစ်ကြည်လေးစားရပါသော မိဘပြည်သူ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမအပေါင်းတို့ ခင်ဗျား

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဉာဏစွမ်းရည်ကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မှုအတွက် အလေးထားဆောင်ရွက်ခြင်းသည် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေပါသည်။ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတို့တွင် ကောင်းမွန်သည့် အထောက်အပံ့ကောင်းများ ရရှိနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဆင့်မြင့် ပညာရပ်များတတ်ကျွမ်းပြီး အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး အားပေးဆောင်ရွက်လျက် ရှိပါသည်။

 

အခြေခံအားဖြင့် အတန်းပညာရှိမှသာ အသိပညာနှင့် အတတ်ပညာရရန် လွယ်ကူမည်ဖြစ်ပါသည်။ နိုင်ငံတော်က အားကိုးအားထား ပြုရသော ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန် လူတိုင်းပညာသင်ယူနိုင်မည့် ဘက်စုံပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ပညာတတ်လူငယ်များကလည်း စိတ်ကောင်းစေတနာဖြင့် လူမှန်နေရာမှန် တာဝန်ထမ်းဆောင်မည်ဆိုပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အသိပညာနှင့် အတတ်ပညာ ဟန်ချက်ညီမှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတို့တွင် အားသာချက်များ ဖြစ်ပေါ်စေပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုအပေါ် အကျိုးရှိဖြစ်ထွန်းမည် ဖြစ်ပါသည်။

 

အရည်အသွေးပြည့်ဝပြီး စဉ်းစားတွေးခေါ်မှုအားကောင်းသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရာတွင် မိဘများနှင့် ဆရာများသည် အခရာဖြစ်ပါသည်။ မိဘများအနေဖြင့် သားသမီးများကို မွေးဖွားသည်မှ လူလားမြောက်သည့်အချိန်ထိ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စည်းကမ်းစနစ်ရှိအောင် သွန်သင်ဆုံးမပေးကြရမည် ဖြစ်ပါသည်။ ဆရာ၊ ဆရာမများအနေဖြင့်လည်း တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် ဆရာကောင်းတစ်ဦး ဖြစ်ရမည့်အချက်များနှင့် ကိုက်ညီအောင် ကျင့်ကြံအားထုတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုးထမ်းသယ်ပိုးမည့် အနာဂတ်နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ ရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါသည်။

 

ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ ခင်ဗျား

နိုင်ငံတော်ကို တည်ဆောက်သူများဖြစ်လာကြမည့် ပညာပြည့်ဝ နှလုံးလှသူ လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ပေးကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟုခံယူပြီး အလေးအနက်ထား လုပ်ဆောင်ရန် လိုအပ်ပါသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းတက်ရောက်နိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဗလငါးတန် ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်မည့် ဘက်စုံပညာရေးစနစ်တို့ကို အကောင်အထည်ဖော်လျက် ရှိပါသည်။ အဆိုပါရည်မှန်းချက်အတိုင်း ရာနှုန်းပြည့်အောင်မြင်နိုင်ရန် အတွက် မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းပါဝင်ရေးမှာ အရေးကြီးလှပါသည်။

 

ပညာရေးဆိုင်ရာ အမျိုးသားရေးလုပ်ငန်းစဉ်ကြီးမှာ တစ်ခဏတာဖြင့် ပြီးမြောက်မည် မဟုတ်သည့်အပြင် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ရုံမျှဖြင့် အောင်မြင်နိုင်သည့် လုပ်ငန်းမျိုးမဟုတ်ဘဲ နိုင်ငံသားအားလုံးက အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပါဝင်မှသာ ပြီးမြောက် အောင်မြင်မည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရာတွင် စိတ်ရှည် သည်းခံ ဇွဲသန်သန်ဖြင့် စွန့်လွှတ်အပင်ပန်းခံကာ ကြိုးစားမှအောင်မြင်နိုင်မည်ဖြစ်ရာ နိုင်ငံတော်က ဘက်ပေါင်းစုံမှ အားပေးကူညီ ထောက်ပံ့လျက်ရှိသကဲ့သို့ တာဝန်ရှိသူအသီးသီးနှင့် ပြည်သူအားလုံးမှ တက်ညီလက်ညီ ပူးပေါင်းပါဝင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး မျှော်မှန်းဆောင်ရွက်နေသည့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းများကို အားလုံးကသိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

 

ချစ်ကြည်လေးစားရပါသော မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ ခင်ဗျား

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက် ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ ပြည်သူပြည်သားများအားလုံး တရားဥပဒေ စိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါသည်။ တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြရန် အဓိကလိုအပ်ပါသည်။

 

စားရေရိက္ခာဖူလုံရေးအတွက် မြန်မာတို့၏ မူလစိုက်ပျိုးမွေးမြူရေးသာမက ခေတ်မီ နည်းစနစ်များဖြင့် အစာအာဟာရထုတ်လုပ်ခြင်းများကိုလည်း တီထွင်ဆောင်ရွက်ကြရန် မဖြစ်မနေ လိုအပ်ပါသည်။ သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ တစ်နိုင်ငံလုံး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးအနေဖြင့် မိမိတို့ဒေသထွက်ကုန်ကြမ်းများနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ရာ၌ နိုင်ငံတော်အနေဖြင့်လည်း အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့အားပေး ကူညီလျက်ရှိပါသည်။

 

ခေတ်အဆက်ဆက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းပြီး ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည့်အတွက် နိုင်ငံခြားငွေလိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်း ထုတ်လုပ်မှုများကို တတ်နိုင်သမျှ ထိန်းသိမ်းပြီး ပြည်ပသို့တင်ပို့ခြင်း မပြုလုပ်ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် ထွက်ကုန်များကိုသာ ပိုမိုတင်ပို့ခဲ့ပါသည်။ စီးပွားရေးကောင်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းရင်းသားပြည်သူအားလုံးက စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင် ဆောင်ရွက်ရေးကို အထူးအလေးပေး ဆောင်ရွက်ကြစေလိုပါသည်။ အလားတူ ပြည်ပ ရောင်းတမ်းဝင်သည့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးနှင့် ဝင်ငွေပိုမိုရရှိရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားတိုးတက် မြင့်မားလာမည်ဆိုပါက ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်း တိုးတက်လာသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ညီမျှစွာ တိုးတက်လာကြမည် ဖြစ်ပါသည်။

 

မိဘပြည်သူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား

အမျိုးသားနေ့အောင်ပွဲသည် လွတ်လပ်ရေးရောင်ခြည်ဦး၏အစ၊ အမျိုးသားရေး အရုဏ်ဦးကာလ ဖြစ်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ကို အစပျိုးခဲ့သူတို့၏ မြင့်မြတ်ကောင်းမွန်မှုကြောင့် အနှောင်း သေချာခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသားအောင်ပွဲနေ့ကြောင့် လွတ်လပ်ရေးပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်သည်အထိ အမျိုးသားရေးစိတ်ဓာတ် မြင့်မားခဲ့ကြသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပြီဖြစ်ပါသည်။

 

ဤသို့ ထူးခြားလေးမြတ်လှသည့် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌“ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံး ညီညွတ်စို့” ဆိုသည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ဘိုးဘွားအမွေအနှစ်ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းသာယာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယအရင်းခံပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် တစ်စိတ်တစ်ဝမ်းတည်း သော အမျိုးသားရေးအားမာန်များဖြင့် တက်ကုန်ဖွင့်၍ ဘက်စုံပေါင်းစု ပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

နိဂုံးချုပ်အားဖြင့် ယခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များဖြစ်သည့် -

- တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများ တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရေး၊

- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ အတတ်ပညာပြည့်ဝသော ပညာတတ်များ ပေါများရေး၊

- ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးတွင် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပေးရေး၊

- တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်ရေး စသည့် ဦးတည်ချက်များ အောင်မြင်ရေးကို တိုင်းရင်းသားပြည်သူအားလုံး က အမျိုးသားရေးစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို ဝိုင်းဝန်းတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ