ရန်ကုန် နိုဝင်ဘာ ၂၄

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ကြည့်ရှုလေ့လာပြီး စာဆိုဗိမာန် အဆောက်အအုံတည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက  အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိ ဿရအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့‌နောက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရှိ Seminar Hall နှင့် မျက်စိခွဲစိတ်ခန်းတို့ကို ကြည့်ရှုလေ့လာပြီး သီတဂူမျက်စိဆေးရုံတွင် လာရောက်ကုသကြသည့် မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေးသည်။

 

ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ Myanmar Land & Development Ltd; မှ စီမံကိန်း ဒါရိုက်တာက စာဆိုဗိမာန် အဆောက်အအုံ တည်ဆောက်မှု ပုံစံ၊ မြေတူးလုပ်ငန်း၊ မြေနေရာ ရှင်းလင်းမှုနှင့် လုပ်ငန်း‌ဆောင်ရွက်ထားရှိမှု မှတ်တမ်းတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက စာဆိုဗိမာန်အဆောက် အအုံသည် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး၏ အမျိုးသားယဉ်ကျေးမှုနှင့် စာပေကဏ္ဍတွင် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် စာဆိုဗိမာန် အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ပြီး လမ်းညွှန်မှုများနှင့်အညီ အရည်အသွေးကောင်းကောင်းဖြင့် တည်ဆောက်သွားရန် အလေးထား တိုက်တွန်းလိုကြောင်း မှာကြားသည်။

 

ထို့နောက် စာဆိုဗိမာန် အဆောက်အအုံ၏ 3D နမူနာပုံစံ ကို ကြည့်ရှုလေ့လာပြီး လုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

စာဆိုဗိမာန် အဆောက်အအုံကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေကွက်အမှတ်(၂၉) မြေတိုင်းရပ်ကွက် (၁၈-အေ) မြေ ဧက ၂ ဒသမ ၁၈ ဧကပေါ်တွင် နှစ်နှစ်စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး အဆောက်အအုံ အကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀ x အမြင့် ၅၇ ပေ ရှစ်လက်မ သုံးထပ်အာရ်စီ အဆောက်အအုံဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်