ဝါရှင်တန်၊ နိုဝင်ဘာ ၂၄

 

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရပ်တီတို့သည် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို ယမန်နေ့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်နှင့် မာ့ခ်ရပ်တီတို့သည် ဖလော်ရီဒါ ပြည်နယ် Palm Beach တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များတွင် ယူကရိန်းအရေးလည်း ပါဝင်ကြောင်းသိရသည်။ နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ကာကွယ်ရေးအတွက်အမေရိကန်နိုင်ငံကို အားကိုးအားထားပြုလျက်ရှိကြောင်းနှင့် နေတိုးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ထရမ့်ကပြောကြားသည်။ ထို့ပြင် အဖွဲ့ဝင်များ၏ အသုံးစရိတ်များကိုလည်း တိုးမြှင့်ပေးရန် စီစဉ်ထားကြောင်းထရမ့်က ဆက်လက်ပြောကြားသည်။

 

ထရမ့်သည် ၎င်း၏လက်ထောက် ရစ်ချက်ဂရီနေးလ်ကို ယူကရိန်းအရေး ဖြေရှင်းရန်အတွက် အထူးသံတမန်အဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ရစ်ချက်ဂရီနေးလ်သည် ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လည်းကောင်း၊ အမျိုးသားထောက်လှမ်းရေး၏ ယာယီညွှန်ကြားရေး မှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ အထူးသံတမန်အဖြစ် ခန့်အပ်ခံရပါက ရစ်ချက် ဂရီနေးလ်သည် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်