ယဉ်လာဒ်

 

ခရီးသွားပွင့်လင်းရာသီကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဆောင်းရာသီကာလကိုလည်း ရောက်ရှိလာတာမို့ အခုချိန်ကာလမှာ ခရီးသွားလို့ကောင်းတဲ့ နေရာတွေကတော့ ပုဂံ၊ ပုပ္ပား၊ ကလော၊ ဘားအံ၊ ငွေဆောင်၊ ချောင်းသာဘက်ကို သွားရောက်လည်ပတ်သင့်တဲ့အချိန် ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေထဲကမှ ပထမဆုံး ပုဂံ-ပုပ္ပား ခရီးစဉ်ကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

 

ရှမ်းပြည်အလှလိုမျိုး ခံစားရနိုင်တဲ့ တောင်ပေါ်တောင်ရွာရဲ့အလှအပတွေက ရေပန်းစားနေတာမို့ ပုဂံခရီးစဉ်နဲ့တွဲဖက်ပြီး ခရီးသွားကုမ္ပဏီတွေက အပတ်စဉ်ရောင်းချပေးနေတာကို တွေ့မြင်လာရပါတယ်။

 

“အခုချိန်ကတော့  ပုဂံဆိုရင် တောင်ပေါ်တောင်ရွာ ခရီးစဉ်ပါလား။ မပါရင် မလိုက်ကြဘူး။ ဧည့်သည် ၇၀ ရာခိုင်နှုန်းလောက်က ဒီခရီးစဉ်ပါမှ လိုက်ကြပါတယ်။ သောကြာနေ့တိုင်း အပတ်စဉ်ထွက်ရှိပြီး အများဆုံး ကား ခုနစ်စီးလောက်အထိ  ပုဂံခရီးကို ပို့ဆောင်နေရပါတယ်လို့ The Unlock Travels & Tour က တာဝန်ရှိသူက စာရေးသူကို ပြောပြပါတယ်။

 

တောင်ပေါ်တောင်ရွာ

တောင်ပေါ်တောင်ရွာရဲ့ တောင်နေကြာစိုက်ခင်း အများအပြားရှိတဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ ဆောင်းရာသီကာလဖြစ်တာမို့ တိမ်မြူခိုးတွေနဲ့ လှပတာကြောင့် ခရီးသွားတွေရဲ့ စိတ်ဝင်စားတဲ့ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

ခရီးစဉ်အနေနဲ့ စျေးနှုန်းလည်းသင့်တင့်ပြီး သုံးညအိပ်လေးရက်ကို တည်းခိုစားငြိမ်းအပြီးအစီး တစ်ယောက်ကို ကျပ် ၂၃၀၀၀၀ ဖြစ်တာမို့ အခုဆိုရင် ခရီးသွားကြတဲ့သူတွေဟာ Packge Tour တွေနဲ့အများဆုံး သွားရောက်လည်ပတ် လာကြတာကို တွေ့လာရပါတယ်။

 

နန်းမြင့်မျှော်စင်

ဒါ့အပြင် ခရီးသွားတွေ အများဆုံးသွားရောက်လည်ပတ်ကြတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုလုံးကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့နန်းမြင့်မျှော်စင်ကိုလည်း ခရီးသွားတွေ တခုတ်တရနဲ့ သွားရောက်လည်ပတ်ကြပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှုဒေသရဲ့ အမြင့်ဆုံးစေတီ တော်ဖြစ်တဲ့ သဗ္ဗညုဘုရားဉာဏ်တော်ထက် သုံးပေသာ နိမ့်တာမို့ ပုဂံဒေသ ရှုခင်းတစ်ခုလုံးကို မြင်တွေ့ရနိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။

 

ပုဂံကိုရောက်ပြီဆိုရင် အများစုသွားရောက်လည်ပတ်ကြတဲ့ နန်းမြင့်မျှော်စင်ဆီကို သွားရောက် လည်ပတ်ကြပါတယ်။ ဒီမျှော်စင်ကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းခရီးသွားတစ်ဦး ကို ဝင်ကြေး ငွေကျပ် ၃၀၀၀ နဲ့ နိုင်ငံခြားသား ဧည့်သည်ဆိုပါက တစ်ဦးကို ဝင်ကြေး ငါးဒေါ်လာ ကောက်ခံပါတယ်။

 

ပုဂံရှေးဟောင်းသုတေသနပြတိုက်

ဒါ့ပြင် အများသူငါ လာရောက်လေ့လာနိုင်ဖို့အတွက် ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို တနင်္လာနေ့ကနေ အများပြည်သူ ရုံးပိတ်ရက်တွေကလွဲပြီး နေ့တိုင်း မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက် ဝင်ကြေးအနေနဲ့ ပြည်တွင်းခရီးသွား တစ်ဦးကို ငွေကျပ် ၁၀၀၀၊ နိုင်ငံခြားသား တစ်ဦးကို ဝင်ကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံတယ်လို့ သိရပါတယ်။

 

ပုဂံဒေသဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်တွေနဲ့ စိတ်ဝင်စားစရာနေရာတွေ အများအပြားတည်ရှိနေတဲ့ ခရီးစဉ်ဒေသတစ်ခု ဖြစ်တယ် ဆိုတာ အားလုံးသိရှိပြီးလည်း ဖြစ်ပါတယ်။

 

ခရီးသွားဧည့်သည်တွေရဲ့ ခရီးစဉ် ပုံစံအကြိုက်ကို ရွေးချယ်ပြီး အခုဆိုရင် ခရီးသွားကုမ္ပဏီတွေက ရောင်းချလာ ခဲ့ကြတာကို တွေ့ရှိလာရပါတယ်။ တချို့ကတော့ ပုဂံတစ်ခွင် ခြေတော်ရာ ခရီးစဉ်တွေ၊ တချို့ကတော့ ပုဂံဒေသရဲ့ နံရံဆေးရေးပန်းချီတွေကို လေ့လာကြပါတယ်။ မည်သို့ပင်ဆိုစေ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ခရီးသွားဧည့်သည်တွေက ရာသီမရွေး လာရောက် လည်ပတ်လျက် ရှိကြပါတယ်။

 

ဒါ့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ဒီနှစ်ရဲ့ ခုနစ်လတာကာလ အတွင်းမှာ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၁၇၇၄ ဦး ဝင်ရောက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူထံက သိရပါတယ်။ အများစုကတော့ ဓာတ်ပုံအသားပေး ရိုက်ကူးလို့ရတဲ့နေရာတွေကို ပို့ဆောင်ပေးလာပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်လာခဲ့ကြပါတယ်။

 

ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေနဲ့ ပြည့်စုံ

မြန်မာပြည် အနှံ့အပြားမှာ လှပလွန်းတဲ့ နေရာတွေများစွာရှိပြီး ဒေသခံတွေရဲ့ ပွင့်လင်းရိုးသားမှုတွေ၊ ရိုးရာဓလေ့ထုံးစံအလှ၊ ယုံကြည်ကိုးကွယ်ရာအလှ၊ တောတောင်သဘာဝအလှ၊ အနုပညာသုခုမ အလှ၊ အနုပညာရုပ်ဝတ္ထု တည်ဆောက်မှုအလှ၊ တိုင်းရင်းသားတို့ရဲ့ စုစည်းညီညွတ်မှု အလှတွေကို မြင်တွေ့ စေနိုင်ပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာ ပေါ်မှာ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေနဲ့ ပြည့်စုံလှပတဲ့ နိုင်ငံတစ်ခုပါပဲလို့ ခရီး သွားကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

 

ဒါကြောင့်မို့ ဆောင်းရာသီကာလ အေးအေးချမ်းချမ်း သွားရောက်လည်ပတ်နိုင်မယ့် ပုဂံနဲ့ ပုပ္ပားခရီးစဉ် ဒေသကို ဒီတစ်ပတ် ဖော်ပြလိုက်ရပါတယ်။