နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် နေပြည်တော်၊ တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည့် အားကစားသမားများ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသည့် ဆေးခန်း၊ ကျန်းမာရေးဆပ်ကော်မတီရုံးခန်း ဖွင့်လှစ်ထားရှိမှု၊ တိုင်းရင်းဆေးခန်း ဖွင့်လှစ်မည့် အခြေအနေတို့ကိုကြည့်ရှု၍ ဆေးနှင့်ဆေးပစ္စည်းများ ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ထားရန်၊ လိုအပ်ပါက လူနာများလွှဲပြောင်းနိုင်ရေးအတွက် လူနာတင်ယာဉ်များထားရှိရန်၊ ကူးစက်ရောဂါများ ဖြစ်ပွားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် မှာကြားသည်။

 

ယင်းနောက် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးအတွက် တည်းခိုရေးစခန်းအတွင်းရှိ ရေကန်များကို ကလိုရင်းခပ်ခြင်း၊ အားကစားအဖွဲ့များ သန့်လေးသန့်အကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ သောက်သုံးရေများ ရေသန့်ဆေးပြားများခပ်ခြင်း၊ အိမ်သာများ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ထားရှိမှုများ၊ ထမင်းစားဆောင်များ၊ မီးဖိုဆောင်နှင့် သက်သာအရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အစားအသောက် ပြင်ဆင်ချက်ပြုတ် ကျွေးမွေးမှုများ သန့်ရှင်းမှုရှိစေရေးအတွက် နေ့စဉ်အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

 

အမျိုးသားအားကစားပွဲတော်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးအဖွဲ့များကို ကျန်းမာရေး ဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍စုဖွဲ့ထားရှိပြီး အရေးပေါ်ကုသမှု ဆေးပညာအထူးကု ဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ အကြောအဆစ် အထူးကုဆရာဝန်များပါ ဖွဲ့စည်း‌ဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှုစစ်ဆေးရေး လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်