ရန်ကုန် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် မိုးစပါး ၁၁၄၄,၃၇၂ ဧက စိုက်ပျိုးခဲ့ပြီး ယခု နိုဝင်ဘာလ နောက်ဆုံးပတ်အထိ မိုးစပါး ၄၄၂၀၀၆ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဆင်းသုခ၊ ရက် ၉၀၊ ရာကျော်၊ ရွှေဝါထွန်းစသည့် အရည်အသွေးကောင်းမွန်သော စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး မိုးစပါး ၁၁၁၁၈၀၂ ဧက စိုက်ပျိုးပြီးချိန်တွင် မုန်တိုင်းကြောင့် မိုးစပါး စိုက်ခင်းဧက ၇၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ၁၁၄၄,၃၇၂ ဧက ပြန်လည် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။ 

တိုင်းဒေသကြီးအတွင်းရှိ ရိတ်သိမ်းပြီး မိုးစပါးစိုက်ခင်းများတွင် ဆောင်းသီးနှံအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းနှင့် နေကြာများ စိုက်ပျိုးရန် တောင်သူများ ဆောင်ရွက်လျက်ရှိပြီး မတ်ပဲနှင့် ပဲတီစိမ်း ဧက ၄၀၀,၀၀၀ ကျော်၊ ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာကို ဧက ၂၀၀၀၀ ခန့် စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

 

 

ထို့အတူ ဆည်ရေရရှိသော စိုက်ခင်းများတွင် နွေစပါး ဧက ၂၅၀,၀၀၀ ကျော် စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မိုးစပါးစိုက်ခင်းတွေ အောင်မြင်ဖို့ တိုင်းဒေသကြီးအစိုးရနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတွေက မျိုးစပါး၊ သွင်းအားစုတွေကို သီးနှံပြန်ပေါ်ပေးစနစ်နဲ့ ပံ့ပိုးဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် မိုးစပါး အဆင်ပြေစွာ စိုက်ပျိုးရိတ်သိမ်းနိုင်တယ်။ ဆက်လက်ပြီး တောင်သူတွေ အကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် ဆောင်းသီးနှံနဲ့ နွေစပါးမှာ သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးတောင်သူများ အဆင်ပြေစေရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ 
ဓာတ်ပုံ - ကနူး