နေပြည်တော် နိုဝင်ဘာ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့ ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် လူငယ်အားကစား လေ့ကျင့်ရေးကွင်း (မန္တလေး) သို့ သွားရောက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသား ပိုက်ကျော်ခြင်းအသင်းနှင့် ဘောလုံးအသင်းတို့မှ အားကစားသမားများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း၊ စခန်းသွင်းလေ့ကျင့်နေသည့် ကာလတွင် ဝီရိယရှေ့ထား၍ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ကြိုးစားလေ့ကျင့်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများကို ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ခြေစမ်းပွဲ ယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ်၊ အမျိုးသား အားကစားပွဲတော်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဖူဆယ်၊ ပြေးခုန်ပစ်နှင့် ဂေါက်သီးရိုက် စသည့် အားကစားနည်း(၆)မျိုး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
သတင်းစဉ်