ပစ္စုပ္ပန်ကာလ ကမ္ဘာ့အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိအရှိတရားအရဖြစ်စေ ဒို့တာဝန် အရေးသုံးပါးဟုဆိုသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့သည် မရှိမဖြစ်လိုအပ်သည့် အမျိုးသား အကျိုးစီးပွားပင်ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးတို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေခြင်းဖြစ်သည့်အလျောက် တစ်ခုလဲပါက အကုန်ပြိုကျ ပျက်စီးသွားမည်ဖြစ်ရာ နိုင်ငံနှင့်လူမျိုးအဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသူ နိုင်ငံသားတိုင်းက စောင့်ကြပ် ထိန်းသိမ်းကာကွယ်ကြရန် တာဝန်ရှိသည်။

 

မျက်မှောက်ကာလ ကမ္ဘာ့အခြေအနေကို ဆန်းစစ်လေ့လာ ပါက ၂၀ ရာစုအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ဦးဆောင်သည့် အယူဝါဒမတူ ဆန့်ကျင်သော အုပ်စုနှစ်စုအကြား စစ်အေးခေါ်အင်အားချင်းယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီးနောက် တစ်ချိန်က ဒွိဝင်ရိုးကမ္ဘာတွင် အင်အားလွန် နိုင်ငံကြီးတစ်နိုင်ငံနှင့် ၎င်း၏နောက်လိုက် နိုင်ငံအုပ်စုသာ ကျန်ခဲ့သည့် ဧကဝင်ရိုး ကမ္ဘာဖြစ်ခဲ့သည်။ ၎င်းတို့က ကမ္ဘာ့ရေးရာများကို လိုသလိုပုံသွင်း ခြယ်လှယ်နိုင်ရန် ကုလသမဂ္ဂအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများတွင်ပါ နေရာယူထားပြီး အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ထိန်းချုပ်ခြယ်လှယ်နိုင်စေရန်၊ ဩဇာ လွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများကို မဟာဗျူဟာကျသည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိကြသည်။

 

ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း ၎င်းတို့၏ ဩဇာခံများ၊ ကြိုးဆွဲခံများကို တိုက်ရိုက်နည်းလမ်း၊ တစ်ဆင့်ခံ နည်းလမ်းများဖြင့် မွေးမြူ၍ ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တိုင်းပြည်အတွင်း မတည်မငြိမ်ဖြစ်အောင်၊ ကမောက်ကမဖြစ်အောင် မွှေနှောက် မြှောက်ပင့် လှုံ့ဆော်လုပ်ကြံနေကြသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စသည်တို့ကို အရေခြုံ၍ နိုင်ငံတစ်ခု၏ အဝန်းအဝိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရာတွင် ထိုနိုင်ငံရှိလူငယ်များမှာ ၎င်းတို့အဓိက ဝင်ရောက် ပူးကပ်စရာ၊ အသုံးချစရာများပင်ဖြစ်သည်။ လူငယ်တို့၏ သဘောမှာ နိုးကြားဖျတ်လတ်ခြင်း၊ တက်ကြွခြင်း၊ အသစ်ကိုစူးစမ်းလိုခြင်း၊ လက်ခံလိုခြင်း၊ အဟောင်းကို ဆန့်ကျင်လိုခြင်း၊ ဖယ်ရှားလိုခြင်းစသည့် သဘာဝများရှိသကဲ့သို့ အတွေ့အကြုံနုနယ်ခြင်း၊ စဉ်းစား ဆင်ခြင်မှုအားနည်းလေ့ရှိခြင်း စသည်တို့ကြောင့်လည်း အိုင်ဒီယာ အသစ်များကို လူငယ်များ လက်ခံလာအောင်ချပေးရန် ပို၍ လွယ်ကူသည်။

 

မိမိတို့နိုင်ငံ၏ တည်နေရာပထဝီအနေအထားသည် မျက်မှောက်ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများ အတွင်း အရေးပါသည့် နေရာတစ်နေရာတွင်ရှိနေရာ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး၊ တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ထားရန်လိုသည်။ အထူးသဖြင့် အနာဂတ်တွင် နိုင်ငံကို ဆက်လက်တည်ဆောက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် မျိုးဆက်သစ်လူငယ်များအတွင်း နိုင်ငံနှင့်လူမျိုးကို ချစ်ခင်သည့်စိတ်ဓာတ်များစွဲမြဲခိုင်မာနေဖို့လိုသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ပြည်တွင်းပြည်ပ အဖျက်အမှောင့်များက မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန် ဖန်တီးရာတွင် လူငယ်မျိုးဆက်များအတွင်း လူမျိုးရေးအမုန်းတရားများ၊ ဘာသာရေးအမုန်းတရားများ ဖြစ်ပေါ်လာစေရန် အဆက်မပြတ် သွေးထိုးလှုံ့ဆော် ဖန်တီးမှုများကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြသည်။ သို့ဖြစ်ရာ မိမိတို့ အားလုံး သတိ၊ ပညာ၊ ဆင်ခြင်တုံတရားတို့ဖြင့် ကိုယ်ခံအားကောင်းကြရန်၊ အဖျက်အမှောင့်ပယောဂတို့ သွေးဆောင်ရာ နောက်သို့ အသိ၊ ပညာ ကင်းမဲ့စွာ လိုက်ပါမသွားမိကြရန် ဆင်ခြင် နိုင်ကြရမည်ဖြစ်သည်။

 

နိုင်ငံ၏ အနာဂတ်အတွက် လူမှုအရင်းအနှီး(Social Capital)၊ ဉာဏအရင်းအနှီး (Intellectual Capital) တို့ကို ရင်းနှီးမြှုပ်နှံ ၍ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ နိုင်ငံသား၊ တိုင်းရင်းသား လူငယ်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန်ထက်မြက် စွဲမြဲခိုင်မာရန် အလေးအနက်ဆောင်ရွက်ကြရပါမည့် အကြောင်း။

 

မြန်မာ့အလင်း