နေပြည်တော် နိုဝင်ဘာ ၂၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၏ အထင်ကရ ခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့သည် ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံ၍ ညောင်ရွှေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေး၊ ဒေသထွက်အစားအစာနှင့် ရိုးရာလက်မှု ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် စီးပွားရေးရာဝန်ကြီးက ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်