နေပြည်တော် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စိုင်းဝဏ္ဏထွန်း (ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်း တို့ ၂ ဦးကို တူးကရောင်း မော်တော်ယာဉ်တစ်စီး၊ CANTER မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး တို့နှင့်အတူ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂၂၀ စီပါ ဆာလာအိတ် ၆၇ အိတ်အတွင်းမှ ဘိန်းဖြူ ၁၄၇ ဒသမ ၄ ကီလိုနှင့် ဆာလာအိတ် ၂၀ ဖြင့်ထည့်လျက် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာလမ်းကြောင်း၌ ရှေ့ပြေးဆောင်ရွက်သူ ဉာဏ်ဝင်းလှိုင်ကို စဉ့်ကိုင်မြို့တိုးဂိတ်တွင် SURF မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်မှ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်လမ်းဆုံထိ တာဝန်ခံသယ်ဆောင်သူ ဇော်ထွန်း ကို ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်လမ်းဆုံတွင် မော်တော်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိ CANTER မော်တော်ယာဉ်၏ ယာဉ်မောင်း ကျော်စွာလင်း(ခ) ဂက်စ်အိုးကို ကျောက်ဆည်မြို့နယ်၊ ဆားတောင်ငယ်ကျေးရွာတွင် လည်းကောင်း၊ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ လက်ခံမည့်သူ အောင်ခန့်ကို မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ၃၁ x ၃၂ ကြား၊ ၈၇ လမ်းမပေါ်တွင် လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ရပ်စောက်မြို့နယ်မှ ရွာငံမြို့နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင် ခိုင်းသူ သက်ဝေအောင်ကို အောင်ပန်းမြို့တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများကို DONGFENG တွဲယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ ဥက္ကာနိုင်ကို ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းတွင် အဆိုပါတွဲယာဉ်ဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဇော်ထွန်း၏ ဖော်ထုတ်ချက်အရ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာ အနောက်ဘက် တောစပ်ချုံအတွင်း ဝှက်သိမ်းထားခဲ့သည့် ဘိန်းဖြူပါဆပ်ပြာခွက်များထည့်ထားသည့် ဆာလာအိတ် ၈၄ အိတ်အတွင်းမှ ဘိန်းဖြူ ၁၈၄ ဒသမ ၈ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ဒသမ ၂ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါး များအား ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာမှ စစ်ဆေးရေးဂိတ်များတွင် ရှောင်ကွင်း၍ ကျေးရွာချင်း ဆက်လမ်းများမှ သယ်ဆောင်ရာ ပူးပေါင်းပါဝင်သူ စိုင်းနိုင်ထူးသာ(ခ)နေဖြိုးထက်ကို နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီတွင် မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်း ဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များဖြင့် ဝယ်ယူထားသော အောင်ခန့် ပိုင်ဆိုင်သည့် ALPHARD မော်တော် ယာဉ်နှင့် MARK II မော်တော်ယာဉ်တို့အား ချမ်းအေးသာစံမြို့နယ်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့်ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


