နေပြည်တော် နိုဝင်ဘာ ၂၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစား သမားများ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသား ပိုက်ကျော်ခြင်းအသင်း အားကစားသမားများလေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ အမျိုးသား ဘောလီဘောအသင်း အားကစားသမားများနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း ကြည့်ရှုအားပေး ကြသည်။

 

ထိုသို့ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီး က အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အသင်းအဖွဲ့ စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် အလေးထားကြိုးစား လေ့ကျင့်သွားရန် မှာကြားပြီး ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုအားကစား သမား စုစုပေါင်း (၉၀) သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသားဘောလုံး၊ အမျိုးသားဘောလီဘော၊ အမျိုးသား ပိုက်ကျော်ခြင်း၊ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်နှင့် အမျိုး သားဂေါက်သီးရိုက် စသည့် အားကစား နည်း (၅) မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)