နေပြည်တော် နိုဝင်ဘာ  ၂၆

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည်၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် နှင့်အတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီးရှိ အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဉီးစွာ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄) မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် တည်ဆောက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စီမံကိန်းဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။

 

ထို့နောက် စီမံကိန်းဧရိယာအတွင်းရှိ ရေထိန်းတံခါးပြွန်လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေသွယ်ဉမင်လိုဏ် လုပ်ငန်း၊ ပင်မရေပိုလွှဲလုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်း၊ စက်ရုံရေထုတ် မြောင်းလုပ်ငန်းနှင့် ဆွဒ်ယာဒ်လုပ်ငန်းများအပါအဝင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။           

 

ယင်းနောက် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဖက်(၁၈)မိုင်ခန့်အကွာ နန့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထားရှိသော ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်နေမှုကိုရှင်း လင်းတင်ပြီး ဒုတိယဝန်ကြီးက ရေလွှဲဆည်အမှတ် (၁)နှင့် ရေလွှဲဆည်အမှတ်(၂)အကြား ကွန်ကရစ်ရေကာ နံရံပြန်လည်ဆောက်လုပ်ခြင်းအတွက် ၁၀ ပေ ဘေလီတံတား ၂ စင်း ဆောက်လုပ်ပြီးစီး၍ ကျောက်ကြီး/မြေသားတမံ ဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေလွှဲဆည်အောက်ဖက်ရေ တိုက်စားသည့်နေရာကို ပြန်လည်ပြုပြင်ခြင်းနှင့် စက်ရုံရေဝင်မြောင်းမှ နုန်းများ ဖယ်ရှားခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်၊စက်ရုံအတွင်းရေဝင်ရောက်ခဲ့သည့် ဆွဒ်ယာဒ် ကေ ဘယ်မြောင်း၊ ကေဘယ်အဝင်အထွက် နေရာများ မှတစ်ဆင့် ရေများထပ်မံမဝင် ရောက် စေရေးနှင့် စက်ရုံမြေအောက်ထပ်များအတွက် Ventilation Fan အထိုင်မြှင့် တင်သွားရန်နှင့် ဓာတ်အားပေးစက်ရုံ ပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်ရန်မှာကြားပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)