နေပြည်တော် နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများကို ယနေ့နံနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြား သင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုပညာသင်နှစ်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ အသက်သည် သုတေသနဖြစ်ကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးချ သုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု စွမ်းရည် မြင့်မားပြီး စိတ်ဓာတ်နှင့်ခံယူချက် မှန်ကန်ကောင်းမွန်သည့် အသိပညာရှင်၊ အတတ် ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ ဆရာမများ၊ ဝန်ထမ်းများ အားလုံး အနေဖြင့် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပညာရေး အဆင့်အတန်း မြင့်မားရေး၊ သင်ရိုးညွှန်းတမ်း ခေတ်မီရေး၊ သင်ကြားသင်ယူမှုမှန်ကန်ရေး၊ သုတေသနဖြင့် နိုင်ငံကို အကျိုးပြုရေး၊ အကဲဖြတ်စနစ်သုံးသပ်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


