နေပြည်တော် နိုဝင်ဘာ ၂၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း ၊ တံတားများ ပြုပြင် ထိန်းသိမ်းခြင်း ၊ အဆင့်မြှင့် တင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေတို့ ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၅/၇)ရှိ နဝင်းချောင်းတံတား (အဆုံ) လုပ်ငန်းခွင်အတွင်းသို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက တံတားရေတိုက်စားမှုမရှိစေရေး စနစ်တကျတွက်ချက်၍ မြေထိန်းနံရံ၊ မြေကာနံရံများ အခိုင်အမာတည်ဆောက်ရန်၊ လုပ်ငန်းများသတ်မှတ်ချက်နှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ကင်းသာလမ်းဆုံသို့ရောက်ရှိပြီး ရေတိုက်စား၍ပျက်စီးခဲ့သည့် လမ်းအပိုင်းအားပြုပြင် ဆောင်ရွက် ထားရှိမှု၊ လမ်းပုခုံးများနှင့် မြေထိန်းနံရံအနိမ့် (Toe Wall) များ ဆောင်ရွက်ပြီးစီးမှု၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း)သို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားကာ ရေလယ်တိုင်နိမ့်ကျသည့်အပိုင်းကို အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်နေမှု၊ တံတားယက်မနှင့် ကြမ်းခင်းများ ဆောင်ရွက်နေမှု၊ အခိုင်အမာချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားတွင် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ပြဆိုင်ရာလိုအပ်ချက် တာဝန်များကို ကိုယ်ရောစိတ်ပါ စေတနာထား၍ တာဝန်ထမ်းဆောင်ခဲ့သူများ ၊ အလုပ်တာဝန်များကို တာဝန်သိစိတ်ဖြင့် ကျေပွန်စွာ ကြိုးစားတာဝန်ထမ်းဆောင်ခဲ့သူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ သင်တန်းများတွင် တက်ရာက်ပြီး ဝန်ကြီးဌာန၏ ဂုဏ်တက်စေရေး ထူးချွန်ဆုရရှိအောင် ကြိုးစားခဲ့သူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာအား အရာထမ်း/ အမှုထမ်း များနှင့်အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


